ထောပတ်သီးရဲ့အလှအပနဲ့ ကျန်းမာရေးကောင်းကျိုးတွေ

4-10-2021yyl06.jpg

ထောပတ်သီးက လူတော်တော်များများစားရတာကြိုက်ကြတဲ့ အသီးပါပဲ။ ဒီအသီးကို ဖျော်ရည်လုပ်ပြီး သောက်သုံးကြတာများပါတယ်။ ထောပတ်သီးက အာဟာရဓာတ်များစွာပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ် ၂၀ ကျော်ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်လည်း မြင့်မားစွာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကောင်းတဲ့အဆီဓာတ်ပါဝင်တာဖြစ်ပါတယ်။ ထောပတ်သီးက ကျန်းမာရေးအကျိုးကျေးဇူးတွေ အလှအပနဲ့ပတ်သက်ပြီး ကောင်းကျိုးတွေလည်း ရှိပါတယ်။

ထောပတ်သီးက ကိုလက်စထရောနည်းပါးတဲ့အတွက် နှလုံးကို ကျန်းမာစေပါတယ်။ ကောင်းတဲ့ ဓာတ်တိုးပစ္စည်း အန်တီအောက်စီဒန့်နဲ့ ဗီတာမင်B6၊ A၊ E နဲ့ Cတွေ ကြွယ်ဝပါတယ်။ သတ္တုဓာတ်ပါဝင်မှုအကြောင်း ပြောရမယ်ဆိုရင် ကယ်စီယမ်နဲ့ ပိုတတ်စီယမ်ဓာတ်တွေ ကြွယ်ဝပါတယ်။ အဲဒီဓာတ်တွေက အပြင်ပိုင်းအလှအပအတွက်သာမက ခန္ဓာကိုယ်အတွင်းပိုင်းကျန်းမာရေးအတွက် ပါကောင်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာအိမ်ကို ကောင်းစေပါတယ်။

ထောပတ်သီးရဲ့ဗီတာမင်ဓာတ်တွေက ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် အရေးပါပါတယ်။ အန်တီအောက်စီဒန့်ကတော့ free radicals ကနေ သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။ ဆဲလ်တွေပြန်လည်ဖွံ့ဖြိုးလာမှုအားကောင်းစေပါတယ်။ အဲဒီနှစ်ချက်က လူတစ်ယောက်ကို ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ဗီတာမင်စီက ကိုယ်ခံအားစနစ်အတွက် ကောင်းပြီး အလွယ်တကူမဖျားနာစေနိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာရပ်တွေကိုလည်း နှေးကွေးစေပါတယ်။ ထောပတ်သီးရဲ့ဗီတာမင်ဘီပါဝင်မှုက အရေပြားဆဲလ်အသစ်တွေဖန်တီးဖို့အတွက် သော့ချက်ပါပဲ။ ဗီတာမင် A နဲ့ E ကတော့ သင့်အသားရေနဲ့ ဆံသားကို နူးညံစေပြီး ငယ်ရွယ်နုပျိုတဲ့ပုံပေါက်စေပါတယ်။ ဒီဗီတာမင်ဓာတ် ၂ မျိုးမြင့်မားစွာပါဝင်မှုက သင့်အသားရေနဲ့ဆံသားအတွက် အရမ်းကောင်းပါတယ်။

ထောပတ်သီးက ပုံစံအမျိုးမျိုးနဲ့ အကူအညီပေးပါတယ်။ ထောပတ်သီးဆီက အသားရေနဲ့ဆံသားနှစ်မျိုးလုံးကို အာဟာရဖြည့်ပေးပါတယ်။ ဆေးဘက်ဝင်ခရင်မ်၊ မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်စတဲ့ ပစ္စည်းတွေမှာ ထည့်သုံးတာတွေ့ရပါတယ်။ ဆံပင်ကျွတ်တတ်ရင် ထောပတ်သီးက အကူအညီပေးနိုင်ပါတယ်။ ထောပတ်သီးစားပေးတာနဲ့ ထောပတ်သီးနဲ့ပြုလုပ်ထားတဲ့ ခေါင်းလိမ်းဆီကို လိမ်းပေးတာက ဉီးရေပြားကို အာဟာရဖြည့်တင်းပေးပြီး ဆံသားကို အမြှစ်ကနေ သန်မာစေပါတယ်။ ထောပတ်သီးကို ချေမွပြီး သံပရိုရည်နဲ့ ပျားရည်အနည်းငယ်ရောထည့်ပါ။ ဆံပင်ပေါင်းဆေးအနေနဲ့ ဆံသားမှာ လိမ်းထားပါ။ မိနစ် ၃၀ ကြာပြီးတဲ့နောက်မှာ ခေါင်းလျှော်လိုက်ပါ။ ဆံသားနူးညံပျော့ပျောင်းလာတာကို မြင်တွေ့ရနိုင်ပါတယ်။

Ref: Beauty and health benefits of Avocado

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top