ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို စာအုပ်ပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

yyl-020.png

ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၅ ရက်ကနေစပြီး ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းနဲ့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဝန်းကျင်မှာ ကျင်းပပြုလုပ် ပြသရောင်းချနေပြီ ဖြစ်ပါတယ်။

စာအုပ်ပြပွဲမှာတော့ ရန်ကုန်တက္ကသိုလ်သမိုင်းကြောင်းနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေ၊ ရာပြည့်အကြို စာအုပ်စာတမ်းတွေ၊ ထင်ရှားကျော်စောတဲ့ စာရေးဆရာကြီးတွေရဲ့ လက်ရေးမူတွေ၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတွေကို ပြသထားတာပဲ ဖြစ်ပါတယ်။

”ပြပွဲကို ထည့်သွင်းရခြင်းက ရန်ကုန်တက္ကသိုလ်သမိုင်းကြောင်းတွေကို သိစေချင်တာရယ်၊ ပြီးတော့ အရင်တုန်းက ပါမောက္ခချုပ်တွေ၊ ရန်ကုန်တက္ကသိုလ်ထဲက ထင်ရှားတဲ့ စာရေးဆရာကြီးတွေကိုလည်း သိစေချင် လို့ပါ”လို့ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူး ဒေါ်သင်းသင်းစိုးက ပြောပါတယ်။စာအုပ်ဈေးရောင်းပွဲတော်မှာတော့ စာအုပ်အဟောင်းဆိုင်တွေအပါအဝင် စာအုပ်တိုက်ပေါင်း ၁၀၀ ကျော်က ဆိုင်ခန်းပေါင်း ၁၂၀ ကျော်နဲ့ စာအုပ်အမျိုးအစားအစုံအလင်ကို ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအပြင် အထူးလျော့ဈေးနှုန်းနေနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီစာအုပ်ပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နဲ့ မြန်မာနိုင်ငံစာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီးတော့ ဒီဇင်ဘာ ၅ ရက်ကနေ ၈ ရက်အထိ နံနက် ၈ နာရီကနေ ၅ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။”ကိုယ့်အစီအစဉ်နဲ့ကို Discount ချကြတာပါ၊ သတ်မှတ်ထားတာတော့ မရှိဘူး။ အဓိကက လာရောက်တဲ့ သူတွေ စာအုပ်ဆိုင်စုံစုံလင်လင်နဲ့ စာအုပ်တွေကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲရရှိနိုင်အောင် စီစဉ်ထား ပါတယ်”လို့ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ဦးနေမျိုးညွှန့်က ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှာ နှစ် ၁၀၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရာပြည့် အထိမ်းအမှတ် ပွဲတွေကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်ထိ တစ်နှစ်တာပတ်လုံး ကျင်းပသွားမှာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top