ရုရှားတပ်တွေ ဝိုင်းထားပေမဲ့ မာရီယာပိုမြို့ မကျသေးဘူးလို့ ယူကရိန်းဝန်ကြီးချုပ် ဆို

18-4-2022-yyl-013.jpg

ရုရှားဘက်က လက်နက်ချ အညံ့ခံဖို့ အချိန်သတ်မှတ်ခဲ့ပေမဲ့ ယူကရိန်းစစ်သည်တော်တွေက မာရီယာပိုမြို့ကို နောက်ဆုံးအချိန်အထိ ကာကွယ်သွားလိမ့်မယ်လို့ ယူကရိန်းဝန်ကြီးချုပ် ရှမီဟယ်က ပြောပါတယ်။ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားဟာ မတ်လ ၁ ရက်နေ့ကတည်းက မာရီယာပိုမြို့ကို ဝိုင်းထားပြီး လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။ မာရီယာပိုမြို့ရဲ့ တည်နေရာအများစုနဲ့ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ရုရှားစစ်သားတွေက ထိန်းချုပ်ထားပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

မာရီယာပိုမြို့မှာ ရှိနေတဲ့ ယူကရိန်းစစ်သည်တော်တွေအနေနဲ့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီနောက်ဆုံးထားပြီး လက်နက်ချ အညံ့ခံဖို့ ရုရှားဘက်က ကြေညာထားပါတယ်။ တနင်္လာနေ့ကစလို့ မာရီယာပိုမြို့ ဝင်ပေါက်၊ ထွက်ပေါက်တွေကို ပိတ်ပစ်မှာဖြစ်ပြီး မြို့ထဲမှာကျန်နေတဲ့ အမျိုးသားတွေကို ရှင်းလင်းဖယ်ရှားသွားမယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းဝန်ကြီးချုပ် ရှမီဟယ်ကတော့ မာရီယာပိုမြို့ မကျသေးဘူး၊ မာရီယာပိုမြို့မှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ စစ်သည်တော်တွေ ရှိနေဆဲဖြစ်ပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုခဲ့ပါတယ်။ လက်နက်ချ အညံ့ခံဖို့ သူတို့ဘက်က အချိန်သတ်မှတ်မှုကို ယူကရိန်းက ပယ်ချခဲ့ကြောင်း ရုရှားက အတည်ပြုပါတယ်။

မာရီယာပိုမြို့ကနေ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့ ခန့်မှန်းခြေအားဖြင့် မြို့နဲ့အနီးတစ်ဝိုက်မှာ လူ ၁၀၀၀၀၀ လောက် ကျန်ရှိနေဆဲဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မာရီယာပိုမြို့တိုက်ပွဲမှာ လူ ၂၂၀၀၀ လောက် သေဆုံးခဲ့ဖွယ်ရှိတယ်လို့ မာရီယာပိုမြို့ တည်ရှိရာ ဒွန်းညက်ဒေသ စစ်ဦးစီးချုပ်က ပြောပါတယ်။ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေကြတယ်လို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ”

ရုရှားစစ်သည်တွေက မာရီယာပိုမြို့ကို ဖျက်စီးခဲ့သလိုပဲ ဒွန်းညက်နဲ့ လူဟန့်စ်ဒေသတွေမှာရှိတဲ့ တခြားမြို့တွေ၊ ရပ်ရွာတွေကိုလည်း ဖျက်စီးရှင်းလင်းချင်နေကြပါတယ်” လို့ ဇီလင်စကီးက ပြောပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ်မြို့မှာလည်း ရုရှားရဲ့အမြောက်ဆန် ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ပြီး လူ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဇီလင်စကီးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၄ ရက်အတွင်း ခါကိဗ်မြို့မှာ ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၁၈ ယောက် သေဆုံးခဲ့ပြီး ၁၀၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

” ခါဆန်နဲ့ ဇာပိုရစ်ဇီယာဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်ရေးစခန်းတွေ ဆောက်ထားပါတယ်။ ဒေသခံအာဏာပိုင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ရပ်ရွာထဲမှာ လူသိများသူတွေကို ပြန်ပေးဆွဲနှိပ်စက်တယ်။ ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တယ်။ ပင်စင်စားတွေအတွက် ပေးမယ့်ငွေတွေကို ခိုးတယ်။ လူသားချင်းစာနာထောက်ထားမှုပစ္စည်းတွေကို ပိတ်ဆို့ပြီး ခိုးယူတယ်။ သူတို့က အငတ်ဘေးဆိုက်အောင် လုပ်နေကြတာပါ” လို့ ဇီလင်စကီးက ပြောပါတယ်။ အဲဒီအတွက် ရုရှားနိုင်ငံကနေ ရေနံတင်ပို့မှုတွေကို ပိတ်ပင်ကြဖို့၊ ရုရှားရေနံကို မဝယ်ကြဖို့ ဇီလင်စကီးက ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။

Ref: CNN “Live Reporting”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top