လေထီးခုန်ပြိုင်ပွဲမှာ ဝင်ရောက်ပါဝင်ခဲ့တဲ့ အသက် ၈၈ နှစ် အဘိုးအို

28-9-2022yyl01.jpg

ဘော့စနီးယားက အမျိုးသားတစ်ဦးကလည်း အသက်အရွယ်က ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြန်ပါတယ်။ သူက အသက် ၈၈ နှစ်အရွယ်ဖြစ်ပေမဲ့ လေထီးခုန်နိုင်လောက်တဲ့အထိ ကျန်းမာကြံ့ခိုင်နေတုန်းပါပဲ။ သူကတော့ အီဘရာဟင်မ် ကာလက်ဆီ ဆိုသူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် (၇၀) ကျော်ကတည်းက အားကစားနဲ့ အကျွမ်းတဝင်ရှိခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က သူဟာ ဘော့စနီးယားမှာ ကျင်းပခဲ့တဲ့ လေထီးခုန်ပြိုင်ပွဲတစ်ခုမှာ ၁၄၈၇ ကြိမ်မြောက် လေထီးခုန်ခဲ့ပါတယ်။ သူက လေထီးခုန်ရတာကို ပျော်နေတာပါ။ အခုလို လေထီးခုန်နိုင်တာကလည်း တစ်နေ့ကို (၁၅) မိနစ်လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်ပြီး ဇနီးဖြစ်သူက အစားအသောက်ကို ဂရုတစိုက်ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။

အီဘရာဟင်မ် ငယ်စဉ်က ဆားဘီးယားက လေယာဉ်ပျံသန်းခြင်းစင်တာတစ်ခုမှာ လေ့ကျင့်ရေးဆင်းခဲ့တာပါ။ နောက်တော့ သူကိုယ်တိုင် လေထီးခုန်နည်းသင်ပေးတဲ့ နည်းပြတစ်ဦးဖြစ်လာခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်က သူဟာ အမြင့်ပေ ၅၅၀၀ မီတာမှာရှိတဲ့ လေယာဉ်ပေါ်ကနေ လေထီးခုန်ခြင်းဖြင့် ယူဂိုဆလားဗီးယားစံချိန်တစ်ခုတင်ခဲ့ပါတယ်။ သူက ဥရောပမှာ အသက်အကြီးဆုံးနဲ့ တတ်ကြွဆုံးလေထီးခုန်သမားဖြစ်တယ်။ နောက်ထပ် ၁၀ နှစ်လောက်ဆက်ပြီး ဘော့စနီးယားလေထီးခုန်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်အောင်လုပ်ချင်တယ်လို့ အီဘရာဟင်မ်က ပြောပါတယ်။

ပြီးခဲ့တဲ့လက Prijedor မြို့ရဲ့ပြိုင်ပွဲတစ်ခုမှာလည်း အီဘရာဟင်မ်က ငါးရက်အတွင်း (၂၁) ခါ လေထီးခုန်ခဲ့ပါတယ်။ သူ့မှာ တရားဝင်ကျန်းမာရေးလက်မှတ်ရှိသရွေ့ Prijedor Areoclub က သူ့ကို လေထီးငှားပေးသွားမှာဖြစ်ပါတယ်။ အီဘရာဟင်မ်ရဲ့အကြီးမားဆုံးဆန္ဒက ငယ်ရွယ်တဲ့လေထီးခုန်သူတွေကို လေ့ကျင့်ပေးရာမှာ အသုံးပြုဖို့အတွက် လေထီးရှိဖို့အပြင် သူ့အတွက်လည်း ကိုယ်ပိုင်လေထီးရှိဖို့ပါ။ သူက “ကျွန်တော်က လေထီးဝယ်ဖို့ ငွေ၊ ဥစ္စာဓနကြွယ်ဝတဲ့သူမဟုတ်တဲ့ ပင်စင်စားတစ်ယောက်ပါ။ ကျွန်တော်ရဲ့တပည့်တွေကို လေ့ကျင့်ပေးဖို့အတွက် လေထီးရှိချင်တယ်။ နောက်ကျရင် လေထီးခုန်တဲ့ပြိုင်ပွဲတွေမှာ သူတို့လေးတွေက ကျွန်တော့်အစား ဝင်ရောက်ပါဝင်ကြမှာပါ”တဲ့။

လေထီးခုန်တာနဲ့ပတ်သက်ပြီး အီဘရာဟင်မ်က အခုလိုပြောပါတယ်။ “လေထီးခုန်တာက ပြင်းထန်တဲ့အားကစားဖြစ်ပြီး အာရုံစူးစိုက်မှု လိုအပ်ပါတယ်။ ကောင်းကောင်းအာရုံစိုက်နိုင်ဖို့အတွက် လူတစ်ယောက်က ကောင်းကောင်းအိပ်စက်ရမယ်။ ကောင်းကောင်းအိပ်စက်ဖို့အတွက် ဘယ်သူကိုမှ ထိခိုက်လိုစိတ်မရှိတဲ့ ပြတ်သားတဲ့အသိစိတ်ရှိမှ အိပ်မက်ဆိုးတွေမမက်ဘဲ ကောင်းကောင်းအိပ်စက်နိုင်ပြီး လေထီးခုန်နိုင်မှာပါ”

Ref: Man Takes Part In Skydiving Competition At The Age Of 88, Says It’s His Fitness Secret

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top