အောင်လအန်ဆန်နှင့် Brandon Vera ပွဲအပေါ် မြန်မာနိုင်ငံမှ ထင်ရှားသူတို့၏ ရင်ခုန်သံ စကားများ

aung-la-n-sang.jpg

ONE Championship သမိုင်းတွင် အကြီးကျယ်ဆုံး ပွဲတစ်ပွဲ ဖြစ်လာမည့် ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန် နှင့် ဟဲဗီးဝိတ်တန်း ချန်ပီယံ Brandon “The Truth” Vera တို့၏ လိုက်ဟဲဗီးဝိတ် ချန်ပီယံစိန်ခေါ်ပွဲကို လာမည့် အောက်တိုဘာ ၁၃ ရက် တွင် ဂျပန်နိုင်ငံ၌ ကျင်းပ   ပြုလုပ်မည့် ONE: Century တွင် ထည့်သွင်း ကျင်းပတော့ မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ONE Championship ၏ နိုင်ငံတကာ ပရိသတ်များက စိတ်ဝင်စားနေကြသလို မြန်မာနိုင်ငံမှ အောင်လအန်ဆန်ကို အားပေးမည့် အမာခံ ပရိသတ်များ ကလည်း အထူးစိတ်ဝင်စား နေကြသည်။

“အောင်လကို ပထမအချီမှာတင် နိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို မြန်မာနိုင်ငံသား မှန်တယ်ဆိုရင် သိကြမှာပါ” ဟု နာမည်ကြီး အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်သည့် မောင်မောင်အေးက ဆိုသည်။ မောင်မောင်အေးသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားကို အထူးစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျင်းပသည့် ONE Championship ပွဲတိုင်းကို သွားရောက် ကြည့်ရှုလေ့ရှိသူဟု သိရသည်။ အမဲလိုက်အက သီချင်းဖြင့် အောင်လအန်ဆန် ပွဲထွက်လာသည့်အချိန်တိုင်း ကြက်သီးထစရာ၊ ပျော်စရာ ကောင်းသည့် အခိုက်အတန့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

World MMA Awards 2019 ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး အပြည်ပြည်ဆိုင်ရာ တိုက်ခိုက်ရေးသမားဆုကို နာမည်ကြီး UFC ချန်ပီယံများအား ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့သည့် အောင်လအန်ဆန်သည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship ပွဲတိုင်းတွင် အနိုင်ရခဲ့သူ ဖြစ်သည်။ ထို့ပြင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားတွင် မြန်မာနိုင်ငံမှ ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်ဖူးသူ ဖြစ်သဖြင့် မြန်မာပရိသတ်တိုင်း၏ အကြိုက်ဆုံး ကစားသမားဖြစ်ပြီး မွေးရပ်မြေ ကချင်ပြည်နယ်တွင်ဆိုလျှင် ရုပ်တုထုလုပ်၍ပင် ဂုဏ်ပြုခြင်း ခံရသူ ဖြစ်သည်။

ထို့ကြောင့် အောင်လအန်ဆန်ကဲ့သို့ နာမည်ကြီးသည့် ကချင်လူမျိုး တစ်ဦး ဖြစ်သူ မော်ဒယ် သရုပ်ဆောင် လုလုအောင်က ယခုပွဲနှင့် ပတ်သက်၍ “သူ့ (အောင်လအန်ဆန်) ရဲ့ အဓိက အားသာချက်ကတော့ ကြိုတင်ပြင်ဆင်မှုပေါ့။ ပြိုင်ပွဲတစ်ခုအပေါ် စိတ်နှစ်ထားနိုင်မှု၊ သူ့ရဲ့ လျှင်မြန် ဖျတ်လတ်မှုရယ်ပေါ့။ ပြီးတော့ သူက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း ယုံကြည်တယ်။ ဘုရားသခင်က ကိုအောင်လအန်ဆန် အပေါ်ကို ခွန်အားတွေ၊ အားအင်တွေ ပေးတယ်ပေါ့။ အဲဒါတွေ အကုန်လုံးကို ခြုံပြီးတော့ ကိုအောင်လအန်ဆန်ပဲ အနိုင်ယူသွားမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုပွဲတွင် အောင်လအန်ဆန် ရင်ဆိုင်ရမည့် Vera သည် ဟဲဗီးဝိတ်တန်းတွင် စိန်ခေါ်သူတိုင်းကို အလဲထိုး အနိုင်ယူထားသူဖြစ်သည်။ ပြိုင် ဘက် သည် ဝိတ်တန်းအမြင့်မှ လာသည့် ပြိုင်ဘက်ဖြစ်သဖြင့် အောင်လအန်ဆန်သည် အဆိုပါ ပွဲအတွက် အမေရိကန်ရှိ လေ့ကျင့်ရေး ရုံတွင် လူကောင်ကြီးသည့် ကစားသမားများ၊ အရပ်ပိုရှည်သည့် ကစားသမားများနှင့် တွဲဖက်လေ့ကျင့်ခဲ့ရသည်။ သို့သော် ကြိုးဝိုင်းအတွင်း အမှန်တကယ် ယှဉ်ပြိုင်သည့်အခါတွင် အရွယ်အစားနှင့် ခွန်အားက အရမ်းအရေးကြီးသည့် ကိစ္စတော့ မဟုတ်ဟု အောင်လအန်ဆန်က အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

အောင်လအန်ဆန်ကဲ့သို့ ONE Championship မြန်မာကစားသမားတစ်ဦးဖြစ်သည့် “ဘူရှီဒို” ဖိုးသော် ကလည်း “အောင်လ ဘက်မှာပဲ ကျွန်တော် ရှိမှာပါ”ဟု ပြတ်သားစွာ ဆိုခဲ့သည်။ ဖိုးသော်သည် အောင်လအန်ဆန် နှင့်အတူ ONE: Century တွင် အတူ ပါဝင်ယှဉ်ပြိုင်မည့် ကစားသမား တစ်ဦးဖြစ်ပြီး မနက်ပိုင်း ကျင်းပသည့် Part I တွင် ဒုတိယ တွဲဆိုင်းအဖြစ် ကစားရမည် ဖြစ်သည်။ ထို့ကြောင့် ဖိုးသော်သည် ဂျပန်နိုင်ငံသို့ သီတင်းပတ် အနည်းငယ် ကြိုတင်သွားရောက်ကာ နေရာဒေသနှင့် အသားကျစေရန် လေ့ကျင့်မှုများ ပြုလုပ်နေသူ ဖြစ်သည်။

ဖိုးသော်က ပြိုင်ဘက်နှစ်ယောက်စလုံးသည် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်သည့် ကစားသမားများဖြစ်ကြောင်း၊ Brandon Vera ကလည်း ၎င်း၏ ဝိတ်တန်းတွင် အကောင်းဆုံး ကစားသမားဖြစ်ကြောင်း၊ အောင်လအန်ဆန်ကလည်း ယခုပွဲအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ထားကြောင်း၊ သုံးချီအတွင်း ပွဲအဖြေ တစ်ခုခု မထွက်ခဲ့ပါက အသက်အရွယ်နှင့် သက်လုံကွာခြားမှုကြောင့် သုံးချီ နောက်ပိုင်းတွင် အောင်လအန်ဆန် အသာရသွားနိုင်ကြောင်း သုံးသပ်ခဲ့သည်။ ထို့ပြင် အောင်လအန်ဆန်က ပွဲဆက်များ စိတ်နေပြီး Vera က ပွဲဝေးသူ ဖြစ်ခြင်းကလည်း အောင်လအန်ဆန်၏ အားသာချက်တစ်ခုဟု ဆိုခဲ့သည်။

“အောင်လက ကိုယ့်ထက် ဝိတ်တန်း ပိုကြီးတဲ့သူနဲ့ ထိုးရမှာဆိုတော့ အရင်ပွဲတွေထက် ပိုခက်မယ် ထင်တယ်။ ဒါပေမယ့် အောင်လပဲ နိုင်မှာ ပါ။ သူက အရမ်းကြိုးစားတယ်။ အရမ်းလည်း ကောင်းတယ်။ မြန်မာနိုင်ငံမှာ ထိုးရမယ်ဆိုရင် ပရိသတ်အားနဲ့ ပိုပြီး နိုင်ဖို့ သေချာတယ်။ ဒါပေမယ့် ဂျပန်မှာလည်း မြန်မာတွေတော့ အများကြီး ရှိပါတယ်။ လာအားပေးကြမှာပါ။ ကျွန်တော်ကတော့ အောင်လကိုပဲ သေချာပေါက် အားပေးမှာပါ” ဟု ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုမှ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုဆန်းလင်းက ပြောသည်။

ONE Championship တွင် လတ်တလော ပုံမှန်ပွဲကစားခွင့်ရနေသည့် မြန်မာကစားသမား သုံးဦးအနက် အောင်လအန်ဆန်နှင့် ဖိုးသော်တို့ ပြီးလျှင် ကျန်တစ်ဦးမှာ အမျိုးသမီးကစားသမား ဘိုဇီနာ “တိုတို” အန်တိုနီယာ ဖြစ်သည်။ အန်တိုနီယာသည် ONE: Century တွင် မပါဝင် သော်လည်း ယခုလအတွင်း ကျင်းပမည့် ONE: Dawn of Valor တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းကလည်း အောင်လအန်ဆန် အနိုင်ရမည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ဆိုလာသည်။

“ကိုအောင်လ နိုင်မယ်လို့ ယုံကြည်တယ်။ ကိုအောင်လက ထက်မြက်တဲ့သူ တစ်ယောက်။ ပွဲတစ်ပွဲကို လက်မခံခင်ကတည်းက ဒီလူ တစ် ယောက် ရဲ့ အားနည်းချက်ကို သူရှာပြီးသားပဲ။ ဘယ်သူတွေက သူ့ပြိုင်ဘက်ဖြစ်လာမယ် ဆိုတာကိုလည်း သူကြိုတွက် ထားပြီးသား။ ဒီ အတွက် သူအများကြီး ပြင်ဆင်ထားတယ်။ ဒီပွဲမှာ သူနိုင်ဖို့ မျှော်မှန်းထားတယ်။ Vera က ခက်ခဲတဲ့ ပြိုင်ဘက်ဆိုတာ သိတယ်။ ဒါပေမယ့် ကိုအောင်လ နိုင်မယ်လို့ပဲ ယုံကြည်တယ်။ ပွဲကိုတော့ နည်းနည်း ရှည်ရှည် ဆွဲဆော့ရမယ်လို့ ထင်တယ်။ Vera ကလည်း လူကောင်ကြီး ပေမယ့် ဖျတ်လတ်မှု ရှိတယ်” ဟု အန်တိုနီယာက ပြောခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားတွင် တစ်ဦးတည်းသော ကမ္ဘာ့ချန်ပီယံ မြန်မာကစားသမားကို မြန်မာ နိုင်ငံသား တိုင်းက အနိုင်ရစေချင်ကြသည်ချည်း ဖြစ်သည်။ မည်သည့် ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့ နိုင်ငံသားဘက်မှသာ တစ်ခဲနက် အားပေးကြမည်မှာ ထုံးစံဖြစ်ပြီး တစ်ဖက်ပြိုင်ဘက်ကို အနိုင်ရရန် မည်သူမျှ အလိုရှိကြမည် မဟုတ်ပေ။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ဇော်လတ်ကမူ “ ကျွန်တော်တု့ိ စောင့်မျှော်နေရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပါတယ်။ နှစ်ဦးစလုံး က ကျွမ်းကျင်ကြတဲ့သူတွေ ဖြစ်တာကြောင့် ခက်ခဲပြီး ရေကုန်ရေခမ်းယှဉ်ပြိုင်ကြရမယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ ကိုအောင်လ အန်ဆန် ကို အားပေးနေမှာပါ။ လက်ရှိချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု အားပေးစကား ပြောကြား ခဲ့သည်။

မြန်မာလက်ရွေးစင် မြားပစ်ကစားသမားဟောင်း အောင်ငှိမ်းကလည်း “ ကိုအောင်လအန်ဆန်ရဲ့ ပြင်ဆင်မှုတွေကို ဆိုရှယ်မီဒီယာကနေ အမြဲမြင်နေရတာဆိုတော့ အနိုင်ရမယ်လို့ ယုံကြည်တယ်။ သူက တော်တဲ့သူဖြစ်သလို ကြိုးစားတဲ့ အားကစားသမားတစ်ယောက်ပါ။ အမြဲတမ်း ဂုဏ်ယူရအောင် ကြိုးစားတယ်။ တစ်ဖက်ကလည်း ပြိုင်ဘက်ကောင်းဆိုတော့ အကြိတ်အနယ်ရှိကြမယ်လို့ ထင်တယ်။ ချန်ပီယံဆုကို ကာကွယ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” ဟု အောင်ငှိမ်းးက ဆိုသည်။

ONE: CENTURY II ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက် မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲအချိန်မှစတင်ကာ Skynet Sports 3 မှ ပြသမည်ဖြစ်သလို အဓိကတွဲဆိုင်း များကိုလည်း အဆိုပါရုပ်သံလိုင်းမှ ဆက်လက်ပြသမည်ဖြစ်သည်။ ထို့အပြင် အခမဲ့ရုပ်သံလိုင်း MRTV Entertainment မှလည်း ဒေသစံ တော်ချိန် ညနေ ၅ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ONE: CENTURY I ပြိုင်ပွဲကို အောက်တိုဘာ ၁၃ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲတွင် ရှေ့ထွက်တွဲဆိုင်းများကို Skynet Sports 3 မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ အဓိက တွဲဆိုင်းများကိုတော့ Skynet Sports 3 အပြင် အခမဲ့ရုပ်သံလိုင်း MNTV မှလည်း နံနက် ၉ နာရီခွဲတွင် တိုက်ရိုက်ပြသပေးသွားမည်ဖြစ်သည်။

ONE: CENTURY သည် သမိုင်းတလျှောက် အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာ အားကစား အသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက်တည်း ကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top