“Rust” ဇာတ်ကားရိုက်ကွင်းမတော်တဆမှုမှာ လူသေဆုံးစေခဲ့တဲ့အတွက် မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်တင်ခံရမယ့် သရုပ်ဆောင် အဲလက်ဘော့ဒ်ဝင်း

20-1-2023-yyl-171.jpg

“Rust” ဇာတ်ကားရိုက်ကွင်းမှာ ရုပ်ရှင်ရိုက်ကူးရေးသမား ဟာလီနာ ဟော့တ်ချင်စ်ကို အသက်သေဆုံးစေခဲ့ပြီးတဲ့နောက်မှာ အော်စကာဆန်ခါတင်စာရင်းဝင်မင်းသား အဲလက်ဘော့ဒ်ဝင်းဟာ မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်တင်ခံရမှာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

အဲလက်ဘော့ဒ်ဝင်းနဲ့အတူ ရိုက်ကွင်းသုံးလက်နက်တွေပြင်သူ ဟန်နာ့ချ် ဂူတီရက်ဇ် ရိတ်ကလည်း မရည်ရွယ်ဘဲ လူသေစေမှုနဲ့ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရိုက်ကွင်းမှာ အဲလက်ဘော့ဒ်ဝင်းကို ဇာတ်ဝင်ခန်းသုံးသေနတ် ပေးခဲ့တဲ့သူက လက်ထောက်ဒါရိုက်တာ ဒေးဗ် ဟေးလ်က သေစေတတ်တဲ့လက်နက်ကို ပေါ့ဆစွာ အသုံးပြုမှုစွဲချက်အတွက် အသနားခံစာရေးထိုးထားတယ်။ ဒီအခြေအနေအတွက် အစစ်ဆေးခံဖို့လည်း သဘောတူထားတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

“မစ္စတာဘက်ဝင်းက သေနတ်ထဲ (ဒါမှမဟုတ်) ရုပ်ရှင်ရိုက်ကွင်းက ဘယ်နေရာမှာမဆို ကျည်ဆန်အစစ်ရှိနေခဲ့တယ်ဆိုတာကို သိနိုင်စရာအကြောင်းမရှိဘူး။ သူက သူ့နဲ့အတူ အလုပ်လုပ်ခဲ့တဲ့၊ ကျည်ဆန်အစစ်မပါဘူးလို့ သူ့ကို ယုံကြည်စေခဲ့တဲ့ ကျွမ်းကျင်ပညာရှင်တွေကို အားကိုးခဲ့ရတာပါ။ ကျွန်တော်တို့ ဒီစွဲချက်ကို ရင်ဆိုင်တိုက်သွားမယ်။ ကျွန်တော်တို့ အနိုင်ရမှာပါ”လို့ အဲလက်ဘော့ဒ်ဝင်းရဲ့ရှေ့နေ လုခ် နီကာစ်က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဟန်နာချ် ဂူတီရက်ဇ် ရိတ်ရဲ့ရှေ့နေ ဂျဆန် ဘိုလက်စ်ကလည်း သူ့ရဲ့အမှုသည် အပြစ်မရှိကြောင်း သက်သေပြမယ်လို့ ကတိပြုခဲ့ပါတယ်။ “ဟန်နာ့ချ်က ဒီကြေကွဲဖွယ်ဖြစ်ရပ်အတွက် အရမ်းစိတ်မကောင်းဖြစ်နေခဲ့ရတာပါ။ ဒါပေမဲ့ သူ လူသေစေမှုကို မကျူးလွန်ခဲ့ဘူး။ ဒီစွဲချက်တွေက အားနည်းချက်ပါတဲ့ စုံစမ်းစစ်ဆေးမှုရဲ့ရလဒ်နဲ့ အချက်အလက်အပြည့်အစုံကို မှားယွင်းနားလည်မှုတစ်ခုပါ။ အမှန်တရားကို ကျွန်တော်တို့ ယူဆောင်လာဖို့ ရည်ရွယ်ထားပါတယ်။ ခုံသမာဓိအဖွဲ့က ဟန်နာ့ချ်ကို အပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာမယ်လို့ ယုံကြည်ပါတယ် “လို့ သူက ဆိုပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့က နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖီ ကောင်တီရှိ Bonanza Creek Movie Ranch မှာ ‘Rust’ ဇာတ်ကားရိုက်ကူးနေစဉ် အဲလက်ဘော့ဒ်ဝင်းဟာ ဘုရားကျောင်းအတွင်း ဇာတ်ဝင်ခန်းတစ်ခုအတွက် ပစ္စတိုသေနတ်နဲ့ အစမ်းလေ့ကျင့်ရင်း ကျည်မတော်တဆထွက်ပြီး ရုပ်ရှင်ရိုက်ကူးရေးသမား ဟာလီနာ ဟော့တ်ချင်စ်ကို ထိမှန်ကာ သေဆုံးစေခဲ့ပါတယ်။ ဒါရိုက်တာ ဂျိုရယ် ဆိုဇာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါရိုက်တာဂျိုရယ် ထိခိုက်ဒဏ်ရာရတာနဲ့ဆက်စပ်ပြီး စွဲချက်တင်မထားဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်တဲ့သတင်းတွေကို ဖတ်ရှုရန်

အဲလက်ဘော့ဒ်ဝင်း မတော်တဆပစ်လိုက်တဲ့ ဇာတ်ဝင်ခန်းသုံးသေနတ်ကြောင့် ရုပ်ရှင်ရိုက်ကူးရေးသမား သေဆုံး၊ ရုပ်ရှင်ဒါရိုက်တာ ထိခိုက်ဒဏ်ရာရ

Rust ဇာတ်ကားရဲ့လက်ထောက်ဒါရိုက်တာဟာ ၂၀၁၉ခုနှစ်က ရိုက်ကွင်းမတော်တဆမှုကြောင့် ဇာတ်ကားရိုက်ကူးမှုကနေ ထုတ်ပယ်ခံခဲ့ရဖူးသူဖြစ်

Ref: Alec Baldwin to be charged with manslaughter in fatal shooting on the set of ‘Rust,’ DA says

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top