အဲလက်ဘော့ဒ်ဝင်း မတော်တဆပစ်လိုက်တဲ့ ဇာတ်ဝင်ခန်းသုံးသေနတ်ကြောင့် ရုပ်ရှင်ရိုက်ကူးရေးသမား သေဆုံး၊ ရုပ်ရှင်ဒါရိုက်တာ ထိခိုက်ဒဏ်ရာရ

alec.jpg

“Rust” ဇာတ်ကားမှာ မင်းသားကြီး အဲလက် ဘော့ဒ်ဝင်း (Alec Baldwin) ပါဝင်ရိုက်ကူးနေစဉ်အတောအတွင်း သူ မှားယွင်းပစ်လွှတ်လိုက်တဲ့ ဇာတ်ဝင်ခန်းသုံးသေနတ်ကြောင့် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီရိုက်ကွင်းမှာ အလုပ်လုပ်နေတဲ့ ရုပ်ရှင်ရိုက်ကူးရေးသမား (၁) ဉီးသေဆုံးခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

မင်းသားအဲလက် ဘော့ဒ်ဝင်းပါဝင်သရုပ်ဆောင်နေတဲ့ ဒီဇာတ်ကားကို နယူးမက္ကဆီကိုပြည်နယ်၊ ဆန်တာဖီ ကောင်တီရှိ Bonanza Creek Movie Ranch မှာ အခုလကမှ စတင်ရိုက်ကူးခဲ့တာပါ။ စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ ရိုက်ကွင်းမှာ ပစ်ခတ်မှုဖြစ်ပွားတယ်လို့ ၉၁၁ ကို ဖုန်းဆက်လာတာကြောင့် ဆန်တာဖီကောင်တီရဲအရာရှိရုံးက လက်ထောက်တွေဟာ နေ့လည် ၂ နာရီဝန်းကျင်မှာ ရိုက်ကွင်းကို သွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရိုက်ကူးနေစဉ် ရုပ်ရှင်ဇာတ်ဝင်ခန်းသုံးသေနတ်မှ ကျည်ဆန်က မတော်တဆထွက်သွားခဲ့ပြီးနောက် လူ (၂) ဉီးကို ပစ်မိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မင်းသားကြီး အဲလက် ဘော့ဒ်ဝင်းက ဒီရုပ်ရှင်ဇာတ်ဝင်ခန်းသုံး Prop သေနတ်နဲ့ လွှဲချွော်ပစ်မိခဲ့ပြီး ရုပ်ရှင်ဒါရိုက်တာ Joel Souza နဲ့ ရုပ်ရှင်ရိုက်ကူးတဲ့ကင်မရာသမား Halyna Hutchins တို့ကို မှန်ခဲ့တယ်လို့ သိရပါတယ်။

ထောက်လှမ်းရေးတွေကတော့ ဘယ်လိုကျည်ဆန်မျိုးနဲ့ဘယ်လိုပစ်လွှတ်မိလိုက်လဲဆိုတာကို စုံစမ်းနေတုန်းပါပဲ။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စွဲချက်တင်ထားခြင်းမရှိသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ အသက် ၄၂ နှစ်အရွယ် Hutchins ကိုတော့ ရဟတ်ယာဉ်နဲ့ နယူးမက္ကဆီကိုပြည်နယ်တက္ကသိုလ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ အစပိုင်းမှာ ပြောကြားခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ဒါရိုက်တာကိုတော့ လူနာတင်ယာဥ်နဲ့ Christus St. Vincent ဒေသဆိုင်ရာ ဆေးဘက်ဆိုင်ရာဌာနသို့ ပို့ဆောင်ခဲ့ပြီး အရေးပေါ်ကုသမှုခံယူနေကြောင်း အာဏာပိုင်က ပြောပါတယ်။ ဒီမတော်တဆမှုကြောင့် ဇာတ်ကားရိုက်ကူးမှုကို ရပ်ဆိုင်းထားကြောင်းလည်း ရုပ်ရှင်ထုတ်လုပ်သူက ပြောပါတယ်။ ဆန်တာဖီကောင်တီရဲအရာရှိရုံးက မတော်တဆမှုကို စုံစမ်းစစ်ဆေးနေကြပါတယ်။

မင်းသားကြီး အဲလက်ဘော့ဒ်ဝင်းက စက်တင်ဘာ ၂၁ ရက်နေ့ ကြာသပတေးနေ့ အစောပိုင်းကတောင် ရိုက်ကွင်းက ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်ထားပါသေးတယ်။ “Rust” ဇာတ်ကားကို မင်းသားအဲလက်ရဲ့EI Dorado Picturesကုမ္ပဏီကလည်း တွဲဖက်ထုတ်လုပ်ရိုက်ကူးနေတာဖြစ်ပါတယ်။

Ref: ABCNews “Cinematographer dies, director injured in accident with prop gun fired by Alec Baldwin”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top