ထိုင်းတိရစ္ဆာန်ဥယျာဉ်ရဲ့ ဆင်ရေကူးပွဲ ဝေဖန်မှု ကြုံတွေ့နေ

23.12.2021yyl8.jpg

ဆင်တွေကို ရေကူးခိုင်းပြီး ဖျော်ဖြေတဲ့ ထိုင်းတိရစ္ဆာန်ဥယျာဉ်ရဲ့ လုပ်ရပ်က တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်ရာ ရောက်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဘန်ကောက်မြို့ အရှေ့တောင်ပိုင်း ခေါင်ခီယူတိရစ္ဆာန်ဥယျာဉ်ရဲ့ ရေကူးကန်ထဲမှာ ဆင်တွေကို ရေကူးခိုင်းပြီး ဧည့်ပရိသတ်တွေကို ဖျော်ဖြေနေတာပါ။ အဲဒီဖျော်ဖြေပွဲကို ရိုက်ကူးထားတဲ့ သြစတြေးလျ ဓာတ်ပုံဂျာနယ်လစ် အဒမ်အော့စ်ဝဲလ်ရဲ့ Elephant in the Room (အခန်းထဲမှ ဆင်)ဓာတ်ပုံက တစ်နှစ်တာ သားရဲတိရစ္ဆာန်ဓာတ်ပုံဆု ရခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ဝေဖန်မှုတွေ ကြုံလာခဲ့တာပါ။

အဲဒီဓာတ်ပုံထဲမှာ ဆင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ရေအောက်မှာ မြှုပ်နေပြီး ဆင်ထိန်းက ဆင်ပေါ်မှာ ကူးခပ်နေတာကို ရေကန်ဘေး မှန်ဘောင်ကနေ ကလေး၊ လူကြီးအစုံ ပါဝင်တဲ့ ဧည့်ပရိသတ်တွေက ကြည့်ရှုနေတာ တွေ့ရပါတယ်။ ဒါဟာ လုံးဝလက်မခံနိုင်စရာလုပ်ရပ်ပဲလို့ အော့စ်ဝဲလ်ကို ဓာတ်ပုံဆုချီးမြှင့်တဲ့ လန်ဒန်မြို့ အမျိုးသားသမိုင်းပြတိုက်က ဆိုခဲ့ပါတယ်။ ဆုလက်ခံတဲ့ အခမ်းအနားမှာ အော့စ်ဝဲလ်က ” ဒီဓာတ်ပုံဟာ သဘာဝနဲ့ အဆက်အသွယ် ပြတ်နေတာ၊ လူသားတွေက သဘာဝကို ဘယ်လိုပုံစံ ထုတ်လုပ်နေလဲဆိုတာ ဖော်ပြတယ်” လို့ ဆိုခဲ့ပါတယ်။

ခေါင်ခီယူဥယျာဉ်ဟာ ဆင်တွေကို ရေအောက်မှန်ဘောင်ကနေ ကြည့်ရှုနိုင်တဲ့ ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော ဥယျာဉ်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အဲဒီလိုဥယျာဉ်မျိုး ၄ ခုပဲ ရှိပါတယ်။ ခေါင်ခီယူဥယျာဉ်ဟာ ထိုင်းနိုင်ငံ တိရစ္ဆာန်ဥယျာဉ်များအဖွဲ့အစည်းက ဖွင့်လှစ်ထားတဲ့ ဥယျာဉ်ဖြစ်ပြီး အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များ အစည်းအရုံး (SEAZA) ရဲ့ အသိအမှတ်ပြုမှုလည်း ရရှိထားပါတယ်။

ဒါပေမဲ့ အော့စ်ဝဲလ်ရဲ့ ဓာတ်ပုံမပေါ်ခင်ကတည်းက ခေါင်ခီယူဥယျာဉ်မှာ တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိခဲ့ပြီး ခေါင်ခီယူဥယျာဉ်ကို ပိတ်ပစ်ဖို့ အွန်လိုင်းကနေ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က ခေါင်ခီယူဥယျာဉ်ကို ပိတ်ပစ်ပြီး ဆင်တွေကို ဘေးမဲ့တောထံ လွှဲပြောင်းပေးအပ်ဖို့ အွန်လိုင်းကနေ လက်မှတ်ရေးထိုးတောင်းဆိုမှုမှာ လက်မှတ်ရေးထိုးပါဝင်သူ ၁၃၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဆင်တွေဟာ သဘာဝအတိုင်း ရေကူးတတ်တဲ့ သတ္တဝါတွေဖြစ်ပေမဲ့ ခေါင်ခီယူဥယျာဉ်ရဲ့ ဖျော်ဖြေပွဲကတော့ အတင်းအကျပ် ခိုင်းစေမှုဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပြီး လူတွေ ရယ်မောပျော်ရွှင်ရစေဖို့ တိရစ္ဆာန်တွေကို အနိုင်ကျင့်နေကြတယ်လို့ မှတ်ချက်ပေးကြပါတယ်။

Ref: CNN “Cruelty debate over zoo exhibition highlights complexities of elephant tourism in Thailand”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top