ရေတွင်းထဲမှာ ၄ ရက်ကြာ ပိတ်မိနေတဲ့ ၅ နှစ်သားလေးကို တွင်းပြင်ခေါ်ထုတ်နိုင်ခဲ့ပေမဲ့ အသက်မကယ်နိုင်ခဲ့

4-2-2022-yyl13.jpg

ရေတွင်းထဲ ပြုတ်ကျပြီး ၄ ရက်ကြာ ပိတ်မိခဲ့တဲ့ ၅ နှစ်အရွယ် မော်ရိုကိုကလေးငယ်ကို မြေပြင်ပေါ် ခေါ်ထုတ်နိုင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်း မော်ရိုကိုနန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဖခင်ဖြစ်သူ ရေတွင်းပြင်နေချိန်မှာ ၅ နှစ်သား ရာယန်က တွင်းအဝ ၉.၈ လက်မပဲ ကျယ်တဲ့ ရေတွင်းထဲ ပြုတ်ကျသွားခဲ့တာပါ။ ” မျက်စိအောက်က တစ်ချက်ကလေး ပျောက်သွားချိန်မှာ သူ ရေတွင်းထဲ ကျသွားတာပါ။ ကျွန်တော် တစ်မှေးမှ အိပ်မပျော်ခဲ့ပါဘူး”လို့ ရာယန်ရဲ့အဖေက ပြောပါတယ်။ ရာယန်ဟာ မြေအောက်အနက် (၃၂ မီတာ) ၁၀၄ ပေမှာ ပိတ်မိနေခဲ့တာပါ။

ရေတွင်းဝက အရမ်းကျဉ်းမြောင်းပြီး အနက် ၂၈ မီတာမှာ ပိုကျဉ်းသွားလို့ ရေတွင်းထဲကို လူဆင်းပြီး ကယ်တင်လို့မရပါဘူး။ အဲဒါကြောင့် ရာယန်ကို ကယ်တင်ဖို့ မော်ရိုကိုနိုင်ငံ ပြည်သူ့ကယ်ဆယ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရေတွင်းနဲ့အပြိုင်အနေအထားကနေ မြေတူးခဲ့ကြပါတယ်။ ဒါပေမဲ့ သဲနဲ့ ကျောက် ရောစပ်နေတဲ့ မြေအနေအထားကြောင့် မြေပြိုမှာစိုးရိမ်ရလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက အလင်းအားကောင်းတဲ့ မီးပန်းတွေသုံးပြီး မြေတူးစက်တွေနဲ့ ညလုံးပေါက် မြေတူးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ရေတွင်းထဲကို ကင်မရာချကြည့်ချိန်မှာ ရာယန် အသက်ရှင်နေသေးကြောင်း တွေ့ရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ သူ့အခြေအနေကို ထပ်မသိရတော့ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို အောက်ဆီဂျင်မျက်နှာဖုံး၊ အစားအစာနဲ့ ရေ ပို့ပေးခဲ့ပေမဲ့ စားသောက်ခဲ့ခြင်း ရှိ၊ မရှိ အတိအကျ မသိရသေးပါဘူး။ မြေတူးနေတဲ့နေရာမှာ တောင်စောင်းမပြိုအောင်၊ ရေတွင်းထဲကို မြေသားတွေ ပြိုမကျအောင် သတိထားရလို့ တူးဖော်ရေးလုပ်ငန်းတွေ မကြာခဏ ရပ်ဆိုင်းခဲ့ရလို့ နှောင့်နှေးကြန့်ကြာမှု ကြုံခဲ့ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ နေရာမှာ လူရာချီ လာရောက်စုဝေးခဲ့ကြပြီး အွန်လိုင်းပေါ်ကနေ စောင့်ကြည့်နေသူ သောင်းချီရှိခဲ့ပါတယ်။

ရာယန်ကို ရေတွင်းထဲကနေ ထုတ်လာနိုင်တာနဲ့ သူ့ကို ကုသပေးဖို့အတွက် ဆေးအဖွဲ့က အဆင်သင့်စောင့်ဆိုင်းနေသလို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီးကိုလည်း အသင့်ပြင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ ညနေပိုင်းမှာ ရာယန်ကို ရေတွင်းထဲကနေ ထုတ်လာနိုင်ခဲ့လို့ ပရိသတ်တွေက လက်ခုပ်သြဘာတီးခဲ့ကြပြီး သူ့ကို ကယ်တင်နိုင်ပြီလို့ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ရာယန် အသက်မရှင်တော့ဘူးလို့ မော်ရိုကိုနန်းတော်က ထုတ်ပြန်ခဲ့လို့ ရာယန်ရဲ့သတင်းကို စောင့်ဆိုင်းနေသူအားလုံး ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။

မော်ရိုကိုဘုရင် မိုဟာမက် (၆)က ရာယန်ရဲ့မိဘတွေကို ခေါ်ယူတွေ့ဆုံ အားပေးနှစ်သိမ့်ခဲ့ပြီး မိသားစုရဲ့ပူဆွေးသောကကို မျှဝေခံစားမိတယ်လို့ ဆိုခဲ့ပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ကျန်ရစ်သူမိသားစု၊ မော်ရိုကိုပြည်သူတွေနဲ့အတူ ဝမ်းနည်းရတယ်လို့ ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Ref: BBC “Rayan: Moroccan boy trapped in well for four days dies”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top