မြန်မာမိန်းကလေးပရိသတ်တွေကြား ရေပန်းစားတဲ့ ထိုင်းမင်းသားချော Bright Vachirawit က ဘန်ကောက်တက္ကသိုလ်ကနေ ဘွဲ့ရရှိသွားခဲ့ပါပြီ။ ဒီဇင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံရဲ့ Grammy Television (GMMTV) တင်ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်မှာ ဘန်ကောက်တက္ကသိုလ်ဆိုင်းဘုတ်ကို နောက်ကျောပေးပြီး ဘွဲ့ဝတ်စုံဝတ်ဆင်ထားတဲ့ Bright ကို မြင်တွေ့ရပါတယ်။ သူ ဘွဲ့ရတာက သူ့ကို ဂုဏ်ယူဝမ်းမြောက်စေတယ်လို့လည်း Bright က ထိုင်းမီဒီယာနဲ့အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
Bright က မားကတင်းဘွဲ့ကို ရယူခဲ့တာပါ။ ဘွဲ့ရသွားပြီဖြစ်တဲ့အတွက် သရုပ်ဆောင်အလုပ်ကို အချိန်အပြည့်ပေးပြီး လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။ သူက အခွင့်အရေးရှိရင်တော့ မဟာဆက်တတ်ဖို့ စဉ်းစားမှာဖြစ်ပါတယ်။
သူ့ရဲ့ဘွဲ့နှင်းသဘင်မှာ သူ့ရဲ့တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ Win Metawin၊ Nani Hirunkit Changkham၊ Dew Jirawat Sutivanichsak တို့လည်း ရှိခဲ့ပါတယ်။ GMMTV အောက်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Joss Way-Ar Sangngern နဲ့ Jumpol Adulkittiporn တို့လည်း တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ပရိသတ် ၂၀၀၀ နီးပါးကလည်း သူ့ကို လာရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ Bright က စင်မြင့်ထက်မှာ သူ့ရဲ့ပရိသတ်တွေအတွက် Good Time ဆိုတဲ့ သီချင်းကိုလည်း သီဆိုပေးခဲ့တဲ့အပြင် ထိုင်နေတဲ့ ပရိသတ်တွေကြားထဲ ဝင်ပြီးတော့လည်း ဓာတ်ပုံအတူ ရိုက်ခဲ့ပါတယ်။
“ပရိသတ်တွေရဲ့အားပေးမှုက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အလုပ်ကို လုပ်နေတဲ့အချိန် (ဒါမှမဟုတ်) ဘဝအခက်အခဲတွေကို ဖြတ်ကျော်နေတဲ့အချိန် ကျွန်တော့်ကို ချစ်ပြီးအားပေးကြတဲ့၊ ကျွန်တော့်အလုပ်နောက် လိုက်ပေးကြတဲ့ ပရိသတ်တွေရှိတာ ကျွန်တော် ရှေ့ဆက်သွားဖို့ လိုအပ်တဲ့ ခွန်အားတွေပေးတယ်”လို့ Bright က ထိုင်းမီဒီယာကို ပြောခဲ့ပါတယ်။
အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၆.၇ သန်းရှိတဲ့ Bright က BL စီးရီး 2gether နဲ့ F4 Thailand: Boy Over Flowers စီးရီးတွေမှာ ပါဝင်ခဲ့ပြီးနောက် နာမည်ကြီးလာခဲ့တာပါ။
Ref: AsiaOne “Almost 2,000 fans swarmed to Bright Vachirawit’s graduation from Bangkok University”
WL (ရိုးရာလေး)