ခရစ္စမတ်ဘိုးဘိုးကြီးထံ (၈) နှစ်သမီးလေးရဲ့ပေးစာ

16-12-2022-yyl08.jpg

ခရစ္စမတ်ရာသီရောက်ရင် ခရစ္စမတ်ပွဲတော်ကျင်းပလေ့ရှိတဲ့ အနောက်နိုင်ငံတွေက ကလေးတော်တော်များများဟာ ဆန်တာကလော့စ် (ခရစ္စမတ်ဘိုးဘိုးကြီး) ထံ စာတွေ ပို့ဖို့ အလုပ်ရှုပ်နေကြတာပါ။ ကလေးအများစုက သူတို့ကြိုက်နှစ်သက်တဲ့ သကြားလုံး၊ အရုပ်တွေကို ခရစ္စမတ်ဘိုးဘိုးကြီးက တောင်းဆိုကြပေမဲ့ (၈) နှစ်အရွယ် ကလေးမလေးတစ်ယောက် တောင်းခဲ့တာက သူတို့လိုမျိုးမဟုတ်ခဲ့ပါဘူး။ ခရစ္စမတ်ဘိုးဘိုးထံ (၈) နှစ်သမီးလေးရဲ့ပေးစာက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

နီကိုးလ် ကွန်နယ်လ်ဆိုတဲ့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ခရစ္စမတ်ဘိုးဘိုးကြီးထံ သူ့တူမလေး အန်မီရဲ့ပေးစာဓာတ်ပုံကို တင်ခဲ့တာပါ။ ခရစ္စမတ်မှာ အန်မီက အရုပ်အသစ်တွေ၊ သကြားလုံးတွေ၊ လက်ဆောင်တွေထက် သူ့မိသားစုရဲ့ငွေရေးကြေးရေးအတွက် စိတ်မအေးနိုင်ဖြစ်နေတဲ့အကြောင်း ခရစ္စမတ်ဘိုးဘိုးကို ရင်ဖွင့်ခဲ့တာပါ။

ခရစ္စမတ်ဘိုးဘိုးထံ အန်မီရဲ့ပေးစာလေးကတော့ “ခရစ္စမတ်အတွက် သမီးလိုချင်တဲ့အရာအားလုံးက မာမီနဲ့ဒယ်ဒီအတွက် ပိုက်ဆံတချို့ပါ။ သူတို့တွေက လျှပ်စစ်မီး၊ရေဖိုးနဲ့ ငွေရေးကြေးရေးအတွက် ရုန်းကန်နေရပါတယ်။ သမီးတောင် ဝမ်းနည်းမိတယ်။ ကျေးဇူးပြုပြီး ဆန်တာ…. ဖြစ်အောင်လုပ်ပေးလို့ရနိုင်မလား။ အဲဒီလိုတောင်းဆိုတာ အရမ်းထူးဆန်းလွန်းနေတယ်ဆိုတာ သမီးသိပါတယ်။ တောင်းပန်ပါတယ်။ ချစ်ခြင်းများစွာနဲ့ အန်မီ”တဲ့။

ဒီစာကို အန်မီရဲ့အမေက တွေ့သွားခဲ့ပြီး သူ့ရဲ့ညီမဖြစ်သူ နီကိုးလ်ကွန်နယ်လ်က “ကျွန်မ့အစ်မက သူ့ရဲ့ ၈ နှစ်သမီးလေး ရေးခဲ့တဲ့ ခရစ္စမတ်ဘိုးဘိုးထံ ပေးစာကို တွေ့ခဲ့တယ်။ အရမ်းငယ်တဲ့ကလေးတစ်ယောက်က ဒီလိုတောင်တွေးတောပြီး စိတ်ပူနေတယ်ဆိုတာ သိလိုက်ရလို့ မျက်ရည်ကျခဲ့ရတယ်”လို့ရေးသားပြီး လူမှုကွန်ယက်မှာ တင်ခဲ့တာပါ။

Ref: Upworthy “8-year-old writes touching letter to Santa requesting ‘money for mum and dad’ for Christmas”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top