ဂျွန်နီဒက်ပ်ကို အမ်ဘာဟက်ဒ်က အချိုရည်သံဗူးခွံနဲ့ပစ်ပေါက်ပြီး မျက်နှာကို ထိုးခဲ့တယ်လို့ လုံခြုံရေးအစောင့် သက်သေထွက်ဆို

3-5-2022-yyl13.jpg

ဂျွန်နီဒက်ပ်က Washington Post မှာ အမ်ဘာဟက်ဒ် ရေးခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှု ဆောင်းပါးကြောင့် အသရေဖျက်မှုနဲ့ တရားစွဲဆိုထားတာပါ။ သူ့ရဲအလုပ်နဲ့ဂုဏ်သတင်း ထိခိုက်စေလို့ ပေါင် ၃၈ သန်း ကျော် တောင်းဆိုထားပါတယ်။ အခု အဲဒီအမှုကို သက်သေတွေနဲ့ တရားခွင်မှာ ရင်ဆိုင်ဖြေရှင်းနေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မနေ့က ထရာဗစ် မက်ဂီဗန် (Travis McGivern) ဆိုတဲ့ လုံခြုံရေးအစောင့်က အမ်ဘာဟက်ဒ်ဟာ ဂျွန်နီဒက်ပ်နဲ့ စကားများအငြင်းအခုံဖြစ်နေစဉ် တံတွေးထွေးပြီး Red Bull ဘူးခွံနဲ့ ပစ်ပေါက်ကာ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့ပါတယ်။

၂၀၁၅ခုနှစ် မတ်လက လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့နေအိမ်မှာ အမ်ဘာက ခင်ပွန်းဖြစ်သူ ဂျွန်နီဒက်ပ်ကို လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် ထရစ်ဗစ်က ဝင်ပြီး ဆွဲခဲ့ရတယ်။ ဂျွန်နီဒက်ပ်ကို တံတွေးနဲ့လည်း ထွေးခဲ့တယ်လို့ သူက ပြောပါတယ်။အဲဒီတုန်းကဖြစ်စဉ်တွေကို ထရစ်ဗစ်ကို ပြန်ပြောပြဖို့ တရားရုံးက တောင်းဆိုတော့ ဘယ်ကနေစပြီး သူတို့ ငြင်းခုံစကားများကြလဲဆိုတာတော့ မမှတ်မိဘူး။ သူတော့ ဝင်ပြီး ဖျန့်ဖြေပေးခဲ့ရတယ်။ အမ်ဘာက ဂျွန်နီကို ရင့်သီးစွာ ဆဲရေးတဲ့စကားတွေနဲ့ အော်ပြောခဲ့တယ်။ ဂျွန်နီကတော့ အမ်ဘာကို နှုတ်နဲ့ပဲ ပြောခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ရိုက်နှိက်တာမျိုးမလုပ်ခဲ့ဘူးလို့ ဂျူရီလူကြီးအဖွဲ့ ၇ ဉီးကို ထရာဗစ်က ပြောပါတယ်။

အမ်ဘာ အပြင်ထွက်သွားတော့ ဂျွန်နီက သူ့ဇနီးရဲ့ အဝတ်ဗီရိုထဲက အဝတ်တွေ၊ ဖိနပ်တွေအားလုံးကို ဆွဲဖြဲပစ်ခဲ့တယ်။ အမ်ဘာ ပြန်ရောက်လာလို့ ဆွဲဖြဲထားတဲ့ အဝတ်အစားတွေ မြင်ချိန်မှာ ဒေါသထွက်ပြီး သူတို့လင်မယား ရန်ထပ်ဖြစ်ကြတယ်လို့ ထရာဗစ်က ပြောပါတယ်။

အမ်ဘာဟက်ဒ်ရဲ့ လက်သီးကို မြင်လိုက်ပြီး ဂျွန်နီရဲ့ မျက်နှာဘယ်ဘက်ခြမ်းကို ထိသွားခဲ့တယ်။ အဲဒါကြောင့် ဂျွန်နီကို ချက်ခြင်းထွက်သွားဖို့ သူက တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော် ဂျွန်နီကို Red Bull ဘူးခွံနဲ့ ထိမှန်သွားတာ၊ လက်သီးနဲ့ထိုးခံတာကို မတားလိုက်နိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့အလုပ်က ကျွန်တော့်လူကြီးရဲ့ဘေးကင်းရေးကို စောင့်ရှောက်ပေးဖို့ပါပဲ။ ကျွန်တော် အဲဒါကို မလုပ်ဆောင်ပေးနိုင်ခဲ့သလို ခံစားခဲ့ရတယ်” လို့ ထရာဗစ်က ဆိုပါတယ်။ ဂျွန်နီဒက်ပ်တို့စုံတွဲက မကြာခဏ ရန်ဖြစ်တယ်လို့လည်း ဂျူရီအဖွဲ့ကို ပြောပါတယ်။

စကားများရန်ဖြစ်တုန်းက ဂျွန်နီကို ရိုက်နှက်ခဲ့တာ မှန်ပေမဲ့ သူ့ညီမ ဝစ်နေးဟက်ဒ်ကို ဂျွန်နီက ဆောင့်တွန်းခဲ့လို့ သူက ပြန်လုပ်ခဲ့တာလို့ အမ်ဘာဟက်ဒ်က ဆိုပါတယ်။ ဂျွန်နီက အမ်ဘာရဲ့ညီမကို မထိုးကြိတ်ခဲ့ဘူးလို့ ထရာဗစ်က ထွက်ဆိုသွားခဲ့ပါတယ်။ဂျွန်နီရဲ့အမှုသက်သေထွက်ဆိုချက်မှာ အမ်ဘာက ဂျွန်နီအပေါ် အိမ်တွင်းအကြမ်းဖက်မှုလုပ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ အသံဖိုင်ပါဝင်ခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ အမျိုးသမီးတစ်ယောက်ကရဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကို ဂျွန်နီ ခံခဲ့ရတယ်ဆိုတာ ဘယ်သူမှယုံမှာမဟုတ်ဘူးလို့ အမ်ဘာက ခနဲ့ပြီး ပြောထားပါတယ်။

အမ်ဘာဟက်ဒ်က သူ့ရဲ့မကောင်းတဲ့သတင်းတွေ ခေါင်းကြီးပိုင်းမှာ ပါလာနေတဲ့အတွက် စိတ်မအေးနိုင်ဖြစ်ပြီး သူ့ရဲ့ PR Team ကိုလည်း အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အခုဆိုရင် အမ်ဘာဟက်ဒ်ကို Aquaman 2 ဇာတ်ကားကနေ ထုတ်ပစ်ဖို့ လက်မှတ်ထိုး တောင်းဆိုနေတဲ့သူ ၃ သန်းရှိနေပါပြီ။

Ref: TheMirror “Amber Heard ‘punched Johnny Depp in face after throwing can at him’, claims security guard”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top