တောင်ကိုရီးယားဥပဒေအကျိုးဆောင်ရုံး မီးရှို့တိုက်ခိုက်ခံရဖွယ်ရှိပြီး လူ ၇ ဦး သေဆုံး

8-6-2022-yyl30.jpg

တောင်ကိုရီးယားနိုင်ငံ ဒဲဂုမြို့မှာရှိတဲ့ ဥပဒေအကျိုးဆောင်ရုံး မီးရှို့တိုက်ခိုက်ခံရဖွယ်ရှိပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၉ ရက် နံနက် ဒေသစံတော်ချိန် ၁၀ နာရီ ၅၅ မိနစ်အချိန်က ဒဲဂုမြို့ ခရိုင်တရားရုံးနားမှာရှိတဲ့ ဥပဒေအကျိုးဆောင်ရုံးမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၄၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ မီးရှို့တိုက်ခိုက်မှုလို့ ယုံကြည်ထားပြီး တိုက်ခိုက်မှုလုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူဟာ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားဖြစ်ပြီး အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ အဲဒီအမျိုးသားဟာ ပစ္စည်းကိရိယာတွေ သယ်လာပြီး အဆောက်အအုံ ဒုတိယထပ်မှာရှိတဲ့ ဥပဒေအကျိုးဆောင်ရုံးထဲ ဝင်လာခဲ့တာ တွေ့ရပါတယ်။ သူဟာ တိုက်ခိုက်မှုမလုပ်ခင်က ရှေ့နေရုံးမှာ တိုင်ချက်ဖွင့်ခဲ့သေးတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

မီးလောင်ပေါက်ကွဲခဲ့ပြီးနောက် အချိန်တိုအတွင်းမှာပဲ မီးသတ်သမား ၁၅၀ ကျော် စေလွှတ်ခဲ့ပြီး မိနစ် ၂၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ မီးသတ်သမားတွေက အဲဒီအဆောက်အအုံမှာရှိတဲ့ ရုံးဝန်ထမ်း ဒါဇင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။

Ref: BBC ” Daegu fire: Seven killed in suspected arson attack in South Korea”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top