ချစ်သူကို တွေ့ချင်ပြီး နောင်တရမှာစိုးလို့ Zoom ဆော့ဖ်ဝဲကို တီထွင်ခဲ့သူ အဲရစ်ယွမ်

3-5-2022-yyl10.jpg

”Zoom ဆော့ဖ်ဝဲရဲ့အစ အချစ်က” လို့ ပြောရင် လွန်မယ်မထင်ဘူး။ အဲရစ်ယွမ်က တက္ကသိုလ် ပထမနှစ်ကျောင်းသားဘဝမှာ ရည်းစားထားတယ်။ သူ့ချစ်သူကို တွေ့ချင်ရင်၁၀ နာရီလောက် ရထားစီးသွားရတော့ ဒီထက် ပိုလွယ်မယ့်နည်းလမ်းတွေကို တွေးရင်း ရုပ်မြင်ရတဲ့ တယ်လီဖုန်း ဆော့ဖ်ဝဲရှိရင် ကောင်းမယ်လို့ သူ အကြံရသွားတယ်။ ဒါက သူ့အိပ်မက်ပဲ။ အဲဒီအချိန်တုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ ၁၇ နှစ်သားလေး အဲရစ်ယွမ်က နှစ် ၂၀ ကျော်ကြာတဲ့အထိ သူ့အိပ်မက်ကို မစွန့်လွှတ်ခဲ့ပါဘူး။

အဲရစ်ယွမ်ကို တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ မွေးတယ်။ သူ့မိဘတွေက သတ္တုတွင်း အင်ဂျင်နီယာတွေ။ ငယ်ငယ်ကတည်းက စီးပွားရေးအကွက်မြင်တယ်လို့ ပြောရမလားပဲ။ ၄ တန်းကျောင်းသားအရွယ်မှာကတည်းက အတိုအစတွေကို ပြန်ရောင်းပြီး ငွေရှာနေတတ်ပြီ။ အထက်တန်းကျောင်းပြီးတော့ ရှန်ဒေါင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်မှာ အသုံးချသင်္ချာဘာသာရပ်ယူပြီး ဘွဲ့ရတယ်။ ပြီးတော့ တရုတ်နိုင်ငံ မိုင်းတူးဖော်ရေးနဲ့ နည်းပညာတက္ကသိုလ်မှာ သတ္တုတွင်းအင်ဂျင်နီယာဘာသာရပ်နဲ့ မာစတာဘွဲ့ ထပ်ယူတယ်။ မာစတာဘွဲ့ သင်တန်းတက်နေတုန်းမှာပဲ သူ့ချစ်သူ ရှာရီနဲ့ အိမ်ထောင်ပြုပြီး ဘေဂျင်းမှာပဲ အခြေချလိုက်တယ်။

အဲရစ်ယွမ်ရဲ့အိပ်မက်တွေကို တစ်ကျော့ပြန် နိုးဆွပေးသူက ဘီလ်ဂိတ်လို့ ပြောရမယ်။ အဲရစ်ယွမ်က အိမ်ထောင်ကျပြီးနောက် ဂျပန်နိုင်ငံမှာ အလုပ်သွားလုပ်တယ်။ ၁၉၉၅ ခုနှစ်မှာ ဘီလ်ဂိတ်က ဂျပန်ကို ရောက်လာပြီး မိန့်ခွန်းပြောသွားတယ်။ သူ့မိန့်ခွန်းထဲမှာ ဆီလီကွန်တောင်ကြားအကြောင်း ပါတယ်။ အဲဒီစကား ကြားလိုက်ရကတည်းက အမေရိကန်ကို သူ သွားချင်နေပြီ။ ဒါပေမဲ့ သူ့ဇာတာက ဆိုးတယ်လို့ပဲ ပြောရမလား။ အမေရိကန်သွားဖို့ ဗီဇာ လျှောက်တာ ၈ ကြိမ်တောင် ပယ်ချခံရတယ်။ ပြီးတော့ သူက အင်္ဂလိပ်စကားလည်း ကောင်းကောင်းမပြောတတ်ဘူး။

ဒါပေမဲ့ သူ လက်မလျှော့ခဲ့ဘူး။ ၁၉၉၇ မှာတော့ ၉ ကြိမ်မြောက် ဗီဇာလျှောက်တာ အောင်မြင်ခဲ့ပြီး သူ အမေရိကန်ကို ရောက်လာခဲ့တယ်။ ဗီဒီယိုကွန်ဖရန့်နည်းပညာ application တွေရေးတဲ့ WebEx မှာ သူ အလုပ်ဝင်လုပ်တယ်။ ရေငတ်တုန်း ရေတွင်းတယ်ကျတယ်ပဲ ဆိုရမလား။ သူ့အိပ်မက်နဲ့ ကိုက်ညီတဲ့အလုပ်ကို လုပ်နေရတော့ အဲရစ်ယွမ်က အမြဲတမ်းတကုပ်ကုပ် လုပ်နေတာပဲတဲ့။ ၂၀၀၇ ခုနှစ်မှာ WebEx ကို Cisco Systems က ဝယ်လိုက်တယ်။ အဲဒီနှစ်မှာပဲ အဲရစ်ယွမ်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဖြစ်နေပါပြီ။

နောက် ၄ နှစ်ကြာချိန်မှာ သူက စမတ်ဖုန်းတွေနဲ့ အသုံးပြုနိုင်တဲ့ ဗီဒီယိုကွန်းဖရန့်စနစ်တစ်ခု ဖန်တီးဖို့ အဆိုပြုတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က သူ့အကြံကို လက်မခံဘူး။ ပယ်ချလိုက်တယ်။ ဒီတော့ အဲရစ်ယွမ်လည်း အလုပ်ထွက်ပြီး ကိုယ်ပိုင်ကုမ္ပဏီထောင်လိုက်တယ်။ သူ့ဇနီးကတော့ အလုပ်ထွက်မှာကို မလိုလားဘူး။ ” ဒီခရီးက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကိုယ် မကြိုးစားဘူးဆိုရင် ဘဝမှာ နောင်တရနေလိမ့်မယ်” လို့ အဲရစ်ယွမ်က ပြောခဲ့ဖူးပါတယ်။

အင်ဂျင်နီယာအယောက် ၄၀ နဲ့ စတင်ခဲ့တဲ့ သူ့ကုမ္ပဏီက Saasbee, Inc. တဲ့။ နောက်တော့မှ Zoom Communications ဖြစ်လာတာပါ။ အဲဒီအချိန်မှာ လူတော်တော်များများက ဗီဒီယိုတယ်လီဖုန်းဈေးကွက်မှာ ဝေစုတွေ ပြည့်နေပြီလို့ ထင်ကြတာကြောင့် သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြဘူး။ ၂ လလောက်ကြာတော့မှ WebEx ကို တည်ထောင်သူ ဆူဘရာအိုင်ယာ၊ Cisco ရဲ့ ဒုတိယဥက္ကဋ္ဌဟောင်း ဒန်ရှိန်းမန်းနဲ့ နောက်ထပ် မတည်သူ ၃ ယောက်က ဒေါ်လာ ၃ သန်း မြှုပ်နှံခဲ့ကြတယ်။

၂၀၁၂ မှာတော့ လူ ၁၅ ယောက် ပါဝင်ဆွေးနွေးနိုင်တဲ့ beta version စထုတ်နိုင်ခဲ့တယ်။ Zoom ရဲ့ ပထမဆုံးဖောက်သည်ကတော့ စတန်းဖို့ဒ်တက္ကသိုလ်ပဲ။ အဲရစ်ယွမ်ကလည်း စတန်းဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့သူလေ။ နောက်တစ်နှစ်ကြာတော့ ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၆ သန်း ထပ်ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီမှာ Zoom ကို စတင်မိတ်ဆက်နိုင်ခဲ့တယ်။ Zoom ကို စတင်နိုင်ချိန်မှာ အဲရစ်ယွမ်က ၄၃ နှစ် ရှိနေပါပြီ။ ၁၇ နှစ်အရွယ်က အိပ်မက်ကို ၂၆ နှစ်အကြာမှာ အကောင်အထည်ဖော်နိုင်ခဲ့တာပေါ့။

Zoom ရဲ့ version 1.0 မှာ လူ ၂၅ ယောက်အထိ ပါဝင်ဆွေးနွေးလို့ရနေပြီ။ Zoom စတင်တဲ့ ပထမဆုံးလမှာ အသုံးပြုသူ ၄ သိန်းအထိ ရှိခဲ့ပြီး နောက် ၄ လအကြာမှာတော့ အသုံးပြုသူ ၁ သန်းပြည့်သွားတယ်။ ၄ နှစ်အကြာမှာတော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ ကုမ္ပဏီစာရင်း ဝင်သွားခဲ့ပါပြီ။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး အမြတ်ငွေစရခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ Zoom အသုံးပြုသူတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။ ဒါကြောင့် အမြတ်ငွေစရပြီး ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အဲရစ်ယွမ်ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Zoom ရဲ့ ရှယ်ယာတန်ဖိုးတွေ အမြင့်ဆုံးဖြစ်သွားချိန်မှာ အဲရစ်ယွမ်ရဲ့ကြွယ်ဝမှုက ဒေါ်လာ ၂၅ ဘီလျံလောက် ဖြစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ကျသွားခဲ့ပါတယ်။

ကြွယ်ဝမှုပမာဏ ကျဆင်းသွားခဲ့ပေမဲ့ အဲရစ်ယွမ်ရဲ့ အောင်မြင်မှုကတော့ တည်တံ့နေတုန်းပါပဲ။ အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်သလို ဗီဇာ ၈ ကြိမ်တောင် ပယ်ချခံခဲ့ရသူတစ်ယောက်ဟာ အခုချိန်မှာတော့ ဆီလီကွန်တောင်ကြားရဲ့ ဘီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ သူကတော့ ၅၂ နှစ်ပဲ ရှိသေးတဲ့ အမေရိကန်နိုင်ငံသား အဲရစ်ယွမ်ပါပဲ။ Zoom ကို အသုံးပြုသူတွေ အခက်အခဲ ကြုံရတဲ့အခါ အဲရစ်ယွမ်က ကုမ္ပဏီဝန်ထမ်းတွေကို မခိုင်းဘဲ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပေးတတ်သူပါ။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အဲရစ်ယွမ်ရဲ့ အမှာစကားကတော့ ကုမ္ပဏီစထောင်မယ်ဆိုကတည်းက ကုမ္ပဏီရဲ့ ယုံကြည်ချက်နဲ့ နှုန်းစံတန်ဖိုးတွေကို အခိုင်အမာတည်ဆောက်ကြပါတဲ့။

Ref: Indian Express & The Dreamer

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top