ဘားဆိုင်ရဲ့ စိန်ခေါ်ပွဲကို အနီးပတ်ဝန်းကျင်က လူတွေ တော်တော်စိတ်ဝင်စားနေကြတယ်။ ဒီဒေသတစ်ဝိုက်မှာ သူတို့ဘားရဲ့ အဖျော်ဆရာက အားအသန်ဆုံးပဲလို့ ကြွေးကြော်ပြီး သူ့ထက် အားသန်သူရှိရင် ဒေါ်လာ ၁၀၀၀ ပေးမယ်လို့ စိန်ခေါ်လိုက်တာပါ။ အားသန်တာကို သံပုရာသီး အရည်ညှစ်ခိုင်းပြီး စမ်းသပ်တယ်။ အဖျော်ဆရာက သံပုရာသီးကို အရည်ကုန်အောင် ညှစ်မယ်။ သူ ညှစ်ထားပြီးသား သံပုရာသီးကို အရည်တစ်စက် ထပ်ထွက်အောင် ညှစ်ပြနိုင်ရင် ဒေါ်လာ ၁၀၀၀ ရမယ်လို့ စိန်ခေါ်လိုက်တာပါ။
ဒီစိန်ခေါ်ပွဲကို စိတ်ဝင်စားတဲ့ အလေးမသမားတွေ၊ သင်္ဘောကျင်းမှာ အလုပ်ကြမ်းလုပ်တဲ့ ကာယလုပ်သားတွေ အများကြီး လာပြိုင်ကြတယ်။ အကုန်လုံးက လက်မောင်းကြွက်သား အပြိုင်းပြိုင်းနဲ့ အားကောင်းမောင်းသန်တွေချည်းပဲ။ ဒါပေမဲ့ အဖျော်ဆရာ ညှစ်ပြီးသား သံပုရာသီးကို ဘယ်သူကမျှ အရည်ထပ်ထွက်နိုင်အောင် မညှစ်နိုင်ကြဘူး။
တစ်နေ့မှာတော့ မျက်မှန်ထူထူနဲ့ ပိန်ပိန်ပါးပါး လူတစ်ယောက် ရောက်လာပြီး သူလည်း သံပုရာသီးကို စမ်းညှစ်ကြည့်ချင်တယ်လို့ အသံစူးစူးနဲ့ လာပြောတယ်။ ဒီစကားကို ကြားလိုက်တော့ ဘားဆိုင်ထဲက လူတွေ ရယ်လိုက်ကြတာ ခွက်ထိုးခွက်လန်ပဲ။ အဖျော်ဆရာကတော့ ထီမထင်တဲ့ပုံစံနဲ့ သံပုရာသီးကို ညှစ်လိုက်ပြီး သူညှစ်ပြီးသားကို အဲဒီလူထံ လှမ်းပေးလိုက်တယ်။
လူဖလံလေး သံပုရာသီး စညှစ်ချိန်မှာ ရယ်သံတွေ တိတ်ဆိတ်သွားပြီး ခဏနေတော့ လက်ခုပ်သြဘာသံတွေ ထွက်လာတယ်။ သူက အဖျော်ဆရာ ညှစ်ပြီးသား သံပုရာသီးကို နောက်ထပ် အရည် ၆ စက် ကျအောင် ညှစ်ပြလိုက်တာလေ။ ဘားဆိုင်ကလည်း သူတို့ကတိအတိုင်း ဒေါ်လာ ၁၀၀၀ ထုတ်ပေးလိုက်ရတာပေါ့။
အံ့အားသင့်နေတဲ့ အဖျော်ဆရာက ” ခင်ဗျား ဘာအလုပ်လုပ်တာလဲ။ အလေးမသမားတော့ ဟုတ်မယ်မထင်ဘူး။ သစ်ခုတ်သမားများလား”လို့ မေးလိုက်တယ်။ လူဖလံလေးကတော့ ” ကျွန်တော် ပြည်တွင်းအခွန်ဦးစီးဌာနမှာ အလုပ်လုပ်တာပါဗျာ” လို့ ခပ်အေးအေး ပြန်ပြောပြီး ဒေါ်လာ ၁၀၀၀ ကိုင်ကာ ဆိုင်ထဲက ထွက်သွားလေတယ်။
(ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်စေသော်)
NZ (ရိုးရာလေး)