မေ့ဆေးဆရာဝန် ဒေါက်တာမြင့်မြင့်စိန် ဆေးရုံက ဆင်းခွင့်ရပြီ

25-5-2020-yyl-011-1.jpg

ရန်ကုန် မေ ၂၅

ပြည်ဆေးရုံမှာ COVID-19 အတည်ပြုလူနာကို ကိုင်တွယ်ကုသရင်း ကူးစက်ခံခဲ့ရတဲ့ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဒေါ်မြင့်မြင့်စိန်ဟာ ဒီနေ့မနက် ၈ နာရီခွဲမှာ ဆေးရုံကနေ ဆင်းခွင့်ရသွားပြီလို့ သူတက်ရောက်ကုသမှု ခံယူနေတဲ့ ဝေဘာဂီဆေးရုံက ရိုးရာလေးကို အတည်ပြုပါတယ်။ ”ကျွန်မတို့က Negative နှစ်ကြိမ်ဆက်တိုက်ပြရင် လူတိုင်းကို ပေးဆင်းပါတယ်။ အခုလည်း Negative နှစ်ကြိမ်ပြလို့ ပေးဆင်းလိုက်တာပါ။ သူက Home Quarantine တစ်ပတ်လောက်ပဲ နေရမှာပါ။ ကျန်းမာရေးလည်း ကောင်းပါတယ်”လို့ ဝေဘာဂီဆေးရုံအုပ် ဒေါက်တာအေးမိုးသက်မြင့်က ပြောပါတယ်။

ဒေါက်တာမြင့်မြင့်စိန်မှာ COVID-19 ရောဂါပိုးတွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပြည်ဆေးရုံကနေ ဝေဘာဂီဆေးရုံကို ဧပြီ ၁၁ ရက်ညပိုင်းမှာပဲ ချက်ချင်း လွှဲပြောင်းကုသခံယူခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင် ဒေါက်တာမြင့်မြင့်စိန်ဟာ ရောဂါပိုးကင်းစင်သွားပြီဖြစ်တဲ့အတွက် ဝေဘာဂီဆေးရုံကနေ ဆင်းခွင့်ရရှိသွားပါပြီ။ တစ်လခွဲလောက် ဆေးကုသမှုခံယူခဲ့ပြီးနောက်မှာ ဆေးရုံကနေပြန်လည်ဆင်းခွင့် ရရှိ သွားတာ ဖြစ်ပါတယ်။

မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ဟာ လူနာရဲ့ကျန်းမာရေးအခြေအနေကြောင့် ကူးစက်ခံရမှာ သိသိနဲ့ အကာအကွယ်တွေကို ဖြုတ်ပြီး ကုသခဲ့တဲ့ဆရာဝန်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံမှာ ပထမဆုံးကူးစက်ခံခဲ့ ရတဲ့ ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၁ ဦး၊ ရောဂါပိုးကင်းစင် လာသူ ၁၂၂ ဦး၊ ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၁၀၉ ဦးရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photo – Aye Aye Aung

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top