လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် မလုပ်ပေးနိုင်ရင်လည်း တိုက်လေယာဉ်တွေ ပို့ပေးဖို့ ယူကရိန်းသမ္မတ တောင်းဆို

3-3-2022-yyl13.jpg

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ စာနယ်ဇင်းရှင်းလင်းပွဲမှာ အဓိကအချက် (၂) ချက် ပြောသွားတယ်။ နံပါတ် (၁) အချက်ကတော့ ယူကရိန်းဝေဟင်ကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးရင် ပေး၊ အဲဒီလိုမှ မဟုတ်ရင် တိုက်လေယာဉ်တွေ ပို့ပေးဖို့ အနောက်အုပ်စုကို တောင်းဆိုခဲ့တာပါ။ ” ဝေဟင်ကို ပိတ်ပစ်နိုင်မယ့် အခွင့်အာဏာမရှိရင် ကျွန်တော့်ကို လေယာဉ်တွေပဲ ပေးပါ။ ယူကရိန်းနိုင်ငံ ကျသွားရင် လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနိုင်ငံတွေအလှည့် မရောက်စေဖို့ ဆုတောင်းပါတယ်” လို့ ဇီလင်စကီးက ပြောခဲ့တာပါ။

( နေတိုးအဖွဲ့ကတော့ ယူကရိန်းဝေဟင်ကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ဖို့ မစဉ်းစားသေးဘူးလို့ နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်)ဇီလင်စကီး ပြောခဲ့တဲ့ ဒုတိယအချက်ကတော့ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုခဲ့တာပါ။ စစ်ပွဲကို ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းက တွေ့ဆုံဆွေးနွေးရေးပဲလို့ သူက ဆိုပါတယ်။ ” ကျွန်တော်တို့က ရုရှားကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ တိုက်ခိုက်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ ခင်ဗျားက ကျွန်တော်တို့ဆီကနေ ဘာတွေ လိုချင်နေတာလဲ။ ကျွန်တော်တို့မြေပေါ်ကနေ ထွက်သွားလိုက်ပါ။ အဲဒီလိုမှ မဟုတ်ရင်လည်း ကျွန်တော်နဲ့ ဆွေးနွေးပါ။ (ပြင်သစ်သမ္မတ မက်ခရွန်နဲ့) ဆွေးနွေးသလို မီတာ ၃၀ အကွာကနေ ဆွေးနွေးစရာ မလိုပါဘူး” လို့ ဇီလင်စကီးက ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က စပြီး ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားဟာ လက်ရှိအချိန်မှာ အဓိကမြို့ကြီးတစ်မြို့ကိုပဲ သိမ်းပိုက်နိုင်သေးပြီး မိုင် ၄၀ ရှည်လျားတယ်ဆိုတဲ့ ရုရှားစစ်ယာဉ်တန်းကလည်း ၃ ရက်အတွင်း ရှေ့ဆက်တက်ဖို့ ခက်ခဲနေတယ်လို့ ယူဆစရာ ရှိနေပါတယ်။ ဒါကြောင့် ရုရှားရဲ့ ကျူးကျော်စစ်ဟာ အစီအစဉ်တကျ မဖြစ်ခဲ့ဘူးလို့ သုတေသီတွေက ဆိုကြပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ ” သူ့ရဲ့ အထူးစစ်ဆင်ရေး”က အစီအစဉ်တကျ ဖြစ်နေတုန်းပဲလို့ တုံ့ပြန်ထားပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက နိုင်ငံခြားသားထောင်ပေါင်းများစွာကို ဓားစာခံ ခေါ်ထားပြီး အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ပူတင်က ဆိုခဲ့ပေမဲ့ အဲဒီပြောကြားချက်တွေအတွက် အထောက်အထား ပြသခဲ့ခြင်း မရှိပါဘူး။

Ref: BBC “Live Reporting”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top