အူရီဒူးမြန်မာက ကျောင်းသား/သူ ၂၆၀ ကျော် ပညာလေ့လာသင်ယူရာတွင် အထောက်အကူဖြစ်စေမည့် စာသင်ကျောင်းဆောင်သစ် လှူဒါန်း

5.6.2023-yyl-11.jpg

အူရီဒူးမြန်မာမှ မြန်မာပြည်သူများအတွက် ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီမည့် ကတိကဝတ်ကို ဆက်လက်အကောင်အထည် ဖော်သည့်အနေဖြင့် ရှမ်းပြည်နယ်၊ သိမ်ကုန်းကျေးရွာ သိမ်ကုန်းအလယ်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ပါသည်။ ဤအစီအစဉ်သည် အူရီဒူးမြန်မာ၏ သုံးစွဲသူများမှ မည်သည့်ကွန်ရက်ကိုမဆို ဖုန်းခေါ်ဆိုတိုင်း တစ်မိနစ်လျှင် အူရီဒူး၏ ဝင်ငွေထဲမှ ၁ ကျပ်နှုန်းဖြင့် လှူဒါန်းသော “မိနစ်များများပြောလေ၊ အူရီဒူးက များများလှူပေးလေ” အစီအစဉ်ဖြင့် ဆက်လက်လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါကျောင်းသည် ရှမ်းပြည်နယ်ရှိ သိမ်ကုန်းကျေးရွာတွင် တည်ရှိပြီး သူငယ်တန်းမှ ကိုးတန်းအထိ စုစုပေါင်းကျောင်းသား ၂၆၆ ဦးတက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။ သို့ရာတွင် အတန်းအသီးသီးအတွက် အခန်းများ လုံလောက်မှု မရှိခြင်းကြောင့် အခန်းပေါင်း၍ အတန်းတက်ရသဖြင့် သင်ကြားရေးနှင့် သင်ယူမှု နှစ်ရပ်လုံးအတွက် အခက်အခဲရှိခဲ့သည်။ အခြားသော ရွာကျောင်းများနည်းတူ သိမ်ကုန်းအလယ်တန်း‌ကျောင်းသည် ဒေသခံပြည်သူများ၏ အလှူငွေများနှင့် ပံ့ပိုးပေးမှုများကို အားကိုးကာ ရပ်တည်နေရသော စာသင်ကျောင်းဖြစ်ပါသည်။ ကျောင်းအခြေခံအဆောက်အအုံများ မလုံလောက်မှု အခက်အခဲကို တွေ့မြင်ခဲ့ရသည့်အတွက် အူရီဒူးမြန်မာမှ သိမ်ကုန်းကျေးရွာနှင့်အနီးတဝိုက်ရှိ ကလေးငယ်များ စာသင်ယူလေ့လာမှု ပိုမိုကောင်းမွန်စေရန် စာသင်ကျောင်းဆောင်သစ် ကို လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

“ဒေသခံပြည်သူတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုနှင့်အတူ သိမ်ကုန်းကျေးရွာ မူလတန်းကျောင်းကို ၁၉၆၇ ခုနှစ်မှာ စတင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာက မြို့နဲ့ အလှမ်းဝေးတဲ့အတွက် ကလေးတွေကို ကျောင်းထားဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့် ရွာသူ ရွာသားတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရပ်မြေမှာ ကိုယ့်ရဲ့ ကလေးငယ်တွေ ပညာသင်ကြားနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ရွာမှာ ကျောင်းတစ်ကျောင်းဆောက်ဖို့ ပူးပေါင်းပါဝင် လှူဒါန်းခဲ့ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်အပြင် ရွာသူရွာသားတွေလည်း ပူးပေါင်းပြီး ကျောင်းကို ပိုပြီး ကောင်းမွန် အဆင့်မြှင့်တင်လာနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ကျေးရွာမှာ ရှိတဲ့ ကလေးငယ်တွေရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးလာနိုင်ပြီပဲ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျောင်းလာအပ်တဲ့သူတွေ ပိုများလာတာကြောင့် ကျောင်းအဆောက်အဦးနဲ့ စာသင်ခန်းတွေ ပိုပြီးလိုအပ်လာခဲ့ပါတယ်။ ဒါကြောင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ငွေကျပ် သိန်း ၅၀၀ လှူဒါန်းပေးတဲ့ အူရီဒူးမြန်မာကို အရမ်းပဲကျေးဇူးတင်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ကလေးတွေက စာသင်ခန်းတွေ လုံလုံလောက်လောက်နဲ့ ပညာသင်ယူ လေ့လာနိုင်ကြပြီ ဖြစ်ပါတယ်။ အခုလို ကူညီပေးတဲ့ အူရီဒူးမြန်မာအနေနဲ့လည်း အောင်မြင်မှုတွေ အများကြီးရပါစေ၊ လူမှုအသိုင်းအဝိုင်းအတွက် ဒီ့ထက်မက ကူညီပံ့ပိုးပေးပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ထူးကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ဦးမောင်ထူးကြီးသည် သိမ်ကုန်းစံပြကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ပံ့ပိုးလှူဒါန်းပေးလျက်ရှိသည့် လေးစားထိုက်သည့် ရပ်မိရပ်ဖတစ်ဦးဖြစ်ပြီး သူ၏ငွေ ၇၂ သိန်းကို မတည်စိုက်ထုတ်ကာ အခြားအလှူရှင်များ၏ ပံ့ပိုးမှုများအပါအဝင် ငွေကျပ် ၈၂သိန်းတန်ဖိုးရှိ ပေ (၁၂၀ x ၃၀) တစ်ထပ်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည့် ကျောင်း၏ ကနဦး အလှူ့ဒါယကာကြီးလည်း ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ “မိနစ်များများပြောလေ၊ အူရီဒူးကများများလှူပေးလေ” အစီအစဉ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး အဓိကအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပံ့ပိုးမှုများလိုအပ်နေသော လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်‌ရေးကို ပံ့ပိုးကူညီရန် ရည်ရွယ်ထား ပါသည်။ ၎င်းအစီအစဉ်မှတစ်ဆင့် အူရီဒူးမြန်မာအနေဖြင့် ကျောင်းအဆောက်အအုံ ၄၀ အပါအဝင် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်း စုစုပေါင်း ၅၁ ခုကို ပံ့ပိုးပေးခဲ့ပြီးဖြစ်ကာ နှစ်စဉ် ကျောင်းသား ကျောင်းသူ ဦးရေ ၃ သောင်းကျော်ကို အကျိုးပြုလျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top