မြစ်ဆုံကို သဘာဝအတိုင်းရှိစေချင်သည့် အောင်လအန်ဆန်

56986797_1509009022565563_825154275163242496_n.jpg

ONE Championship ၏ ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားရှိ မေခ မေလိခ မြစ်ဆုံကို သဘာဝအလှတရားအတိုင်းသာရှိစေချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

မေခမြစ်နှင့် မလိခမြစ်တို့ဆုံဆည်ရာမြစ်ဆုံသည် အလွန်ပင်လှပသည့်နေရာတစ်ခုဖြစ်သလို မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီး၏ မြစ်ဖျားခံရာနေရာလည်းဖြစ်သည်။ ထို့အတူ ၎င်းမြစ်ဆုံဒေသသည် မြန်မာနိုင်ငံသားများနှင့် ကချင်လူမျိုးများအတွက် ရှည်လျားလှသည့် သမိုင်းနောက်ခံအမွေအနှစ်များနှင့် ရိုးရာယဉ်ကျေး အနှစ်သာရများရှိရာနေရာလည်းဖြစ်သည်။

“မြစ်ဆုံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် သဘာဝတရားကပေးတဲ့လက်ဆောင်ကောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာ ရှည်လျားလှတဲ့ သမိုင်းနောက်ခံအမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာရတွေကို ဖော်ကျူးထားတဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီပြယုဂ်ကပဲ တိုင်းရင်းသားမျိုးနွယ်စု အများကြီးထဲကမှ ကချင်လူမျိုးတွေကို အများကသိအောင်ပြောပြနေပြီး ဆန်းကြယ်လှပတဲ့ဒီနေရာကို တစ်သက်မှာတစ်ခေါက်လာရောက်လည်ပတ်ဖြစ်အောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်” ဟု အောင်လအန်ဆန်က မြစ်ဆုံ၏အလှတရားကို ပြောကြားခဲ့သည်။

မေခနှင့် မလိခ ဆုံဆည်းရာမြစ်ဆုံဒေသသည် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် လွန်စွာ ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုဖြစ်ပြီး အနာဂတ်တွင် ကချင်ပြည်နယ်၌ ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးလာပါက ခရီးသွားစီးပွားရေးလုပ်ငန်းများ တိုးတက်လာမည့်နေရာတစ်ခုဖြစ်သည်။

အောင်လအန်ဆန်က ၎င်းနေရာသည် မိမိငယ်စဉ်ဘဝ ပျော်စရာကောင်းသည့်အမှတ်တရများစွာ ရှိခဲ့ဖူးပြီး မိသားစုနှင့်အတူပျော်ပွဲစားထွက်ခြင်း၊ လှေစီးခြင်းများ ပြုလုပ်ဖူးခဲ့သည်။

“ကျွန်တော်ကလေးဘဝတုန်းက မိသားစုနဲ့အတူ အရမ်းအေးတဲ့ မလိခမြစ်နားမှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အမှတ်တရလေးတွေကို မှတ်မိနေပါသေးတယ်။ မြစ်ဆုံနားက N-Mai Hlaing ကိုဖြတ်ပြီး လှေစီးခဲ့ကြတာတွေရောပေါ့။ ဒီနေရာတွေဟာ မြစ်ကြီးနားနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝအမှတ်တရတွေပါပဲ” ဟု မြန်မာ့စပါးအုံးက ၎င်း၏ ကလေးဘဝအတိတ်အကြောင်း ပြန်ပြောင်းပြောပြခဲ့သည်။

အောင်လအန်ဆန်သည် ကချင်ပြည်နယ်ကို ပြန်လည်ရောက်ရှိလာသည့်အခါ၌ ၎င်း၏ ဇနီးဖြစ်သူ Katie နှင့် သားဖြစ်သူ Ah De တို့ကို မြစ်ဆုံ၏ရှုခင်း မည်မျှလှပသည်ကို ခေါ်ဆောင်ပြသခဲ့သည်။

Katie နဲ့ Ah De တို့ကို ကျွန်တော့်ရဲ့မွေးရပ်မြေဟာ ဘယ်လောက်လှပတယ်ဆိုတာကို မျက်မြင်သက်သေပြချင်လို့ ဒီကိုရောက်တုန်းမှာ ဒီနေရာတွေကို ပထမဆုံးခေါ်လာဖြစ်ခဲ့ပါတယ်။ နိုင်ငံတိုင်းဟာ သူတို့ကိုပေးထားတဲ့ သဘာဝတရားကြီးရဲ့လက်ဆောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်သလို ကျွန်တော့်သား Ah De အသက်တွေကြီးလာပြီး သူ့ကလေးတွေရလာတဲ့အချိန်အထိ သူ့ကလေးတွေကို ဒီလိုအလှတရားတွေပြနိုင်ဖို့ ဒီမြစ်ဆုံနေရာလေးဟာ အခုလိုမျိုးအမြဲလှပနေစေပါလို့ ဆုတောင်းပါတယ်” ဟု အောင်လအန်ဆန်ကဆိုသည်။

မြစ်ဆုံဒေသတွင် တရုတ်နိုင်ငံကုမ္ပဏီတစ်ခုမှ အကြီးစားရေအားလျှပ်စစ်ထုတ် ရေကာတာ တည်ဆောက်ရန်စီစဉ်ခဲ့ပြီးနောက် ဒေသခံနှင့် မြန်မာနိုင်ငံသားအများအပြားကန့်ကွက်မှုဖြင့် ရပ်တန့်ထားခဲ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားအများစုက အဆိုပါမြစ်ဆုံဒေသတွင် ရေကာတာ တည်ဆောက်မှုကို အပြီးအပိုင်ရပ်တန့်ရန် အလိုရှိနေကြပြီး တရုတ်ကုမ္ပဏီအား တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

“မြန်မာ့သမိုင်းတစ်လျှောက်မှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာ အမြဲလိုလိုပါဝင်နေပါတယ်။ နောက်ပြီး လေးစားရပါတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီး Xi Jinping ကိုလည်း မြစ်ဆုံဆည်ကြီး မဆောက်လုပ်ဖို့ ကျွန်တော့အနေနဲ့ တောင်းဆိုချင်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုအတွက် ဒီသဘာဝရတနာကြီးဟာ အရမ်းကိုတန်ဖိုးကြီးမားလွန်းလို့ လျှပ်စစ်စွမ်းအားဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ခေါင်းစဉ်လောက်လေးနဲ့ ကတိကဝတ်တွေမပြုလုပ်ပါနဲ့ဗျာ။ ကျွန်တော့်သား Ah De လေးနဲ့ နောင်မွေးဖွားလာမယ့် သူ့ရဲ့ကလေးလေးတွေ ကြီးပြင်းလာတဲ့အထိ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဒီသဘာဝ အလှတရားကြီးတွေကို မြင်တွေ့စေချင်ပါသေးတယ်” ဟု အောင်လအန်ဆန်က တောင်းဆိုခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top