COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မိရင် အချက်ပြပေးနိုင်မယ့် နည်းပညာကို ဖုန်းတွေမှာထည့်သွင်းဖို့ Apple နဲ့ Google ပူးပေါင်းလုပ်ဆောင်

9-4-2020-yyl-042.jpg

COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မိခဲ့ရင် အသုံးပြုသူတွေထံ အချက်ပြပေးနိုင်မယ့် နည်းပညာကို စမတ်ဖုန်း ပလက်ဖောင်းတွေမှာ ထည့်သွင်းဖို့အတွက် Apple နဲ့ Google ကုမ္ပဏီက ရှားရှားပါးပါး ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ထိတွေ့မှုခြေရာခံခြင်း(contact-tracing)လို့ လူသိများတဲ့ နည်းပညာဟာ COVID-19 ရောဂါပိုးရှိသူနဲ့ ထိတွေ့မိသူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှုခံယူဖို့၊ သီးသန့်ခွဲခြားနေထိုင်ဖို့ အကြောင်းကြားပြီး COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်။

အဲဒီနည်းပညာကို iOS ဖုန်းတွေနဲ့ Android ဖုန်းတွေမှာ အဆင့်(၂)ဆင့်နဲ့ ထည့်သွင်းသွားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က Apple နဲ့ Google ကုမ္ပဏီတွေက ပြောပါတယ်။ လာမယ့်မေလလယ်ကျရင် ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ app ‌တွေကနေတစ်ဆင့် သတင်းအချက်အလက်တွေ အပြန်အလှန် ဝေမျှနိုင်စေမယ့် စွမ်းဆောင်ရည်ကို iPhone နဲ့ Android ဖုန်းတွေမှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

ပထမအဆင့်ကတော့ ဖုန်းအသုံးပြုသူတစ်ယောက်မှာ COVID-19 ရောဂါပိုး ရှိနေတယ်လို့ စစ်ဆေးတွေ့ရှိရင် အဲဒီအချက်အလက်ကို ပြည်သူ့ကျန်းမာရေး app ထဲ ထည့်သွင်းမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူနဲ့ထိတွေ့မိသူတွေကို အကြောင်းကြားပေးမှာပါ။ ဒုတိယအဆင့်ကတော့ အချိန်ပိုကြာမှာပါ။ လာမယ့်လပိုင်းအတွင်းမှာ ကုမ္ပဏီနှစ်ခုလုံးက သူတို့ရဲ့ operating system တွေထဲမှာ contact-tracing နည်းပညာကို တိုက်ရိုက်ထည့်သွင်းမှာဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ app ကို ဒေါင်းလုဒ်လုပ်စရာမလိုဘဲ contact-tracing software က အလုပ်လုပ်နိုင်မှာပါ။

ပထမအဆင့်မှာရော၊ ဒုတိယအဆင့်မှာရော ဖုန်းအသုံးပြုသူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်ဖို့ လိုအပ်မှာပါ။ ကမ္ဘာပေါ်မှာ iPhone နဲ့ Google ရဲ့ Android ဖုန်း အသုံးပြုသူ ၃ ဘီလျံရှိပြီး အဲဒီအရေအတွက်က ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ၊ ၁ ပုံကျော် ရှိပါတယ်။ အဲဒီအတွက် ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ၊ ၁ ပုံကို စောင့်ကြည့်နိုင်မယ့် အလားအလာရှိနေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အစပြုခဲ့တဲ့ COVID-19 ‌ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ ၁.၆၂ သန်း ရှိနေပြီး သေဆုံးသူ ၁၀၀၀၀၀ နီးပါး ရှိလာခဲ့ပါပြီ။

contact-tracing နည်းပညာက COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေနိုင်ပေမဲ့ လူဘီလျံပေါင်းများစွာရဲ့ ထိလွယ်ရှလွယ်တဲ့ ကျန်းမာရေးအချက်အလက်တွေ ဝေမျှဖို့ရှိပြီး ဖုန်းတွေက ဖုန်းအသုံးပြုသူတွေရဲ့ တည်နေရာကို ဆက်တိုက်ဖော်ပြနေမယ့် အခြေအနေကြောင့် အငြင်းပွားဖွယ်ဖြစ်နေပါတယ်။
Apple နဲ့ Google ကုမ္ပဏီတွေကတော့ သူတို့ရဲ့စနစ်က အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ဦးစားပေးတယ်၊ ဒီစနစ်ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ အသုံးပြုသူအပေါ် မူတည်တယ်၊ သူတို့ရဲ့ တည်နေရာ အချက်အလက်တွေကို ရယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့နဲ့ ထိတွေ့ခဲ့သူတွေက ဘယ်သူတွေလဲ၊ ဘယ်နေရာမှာ ထိတွေ့ခဲ့တာလဲဆိုတာကို ဖော်ပြပေးမှာမဟုတ်ဘူး၊ ကုမ္ပဏီတွေကိုယ်တိုင်လည်း အဲဒီအချက်အလက်တွေကို ကြည့်ရှုနိုင်ခြင်းမရှိဘူး၊ လိုအပ်လာရင် စနစ်တစ်ခုလုံးကို ဖျက်သိမ်းပစ်မယ်လို့ Apple နဲ့ Google ကုမ္ပဏီတွေက ရှင်းလင်းထားပါတယ်။

Ref: “Apple, Google Announce COVID-19 Smartphone Contact Tracing in Rare Partnership”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top