တစ်ယောက်ကောင်းမှ အားလုံးကောင်းမယ်

9-4-2020-yyl-048.jpg

”တစ်ယောက်ကောင်းမှ အားလုံးကောင်းမယ်၊ အားလုံးကောင်းမှ တစ်ယောက်ကောင်းမယ်”တဲ့။ ဒါကတော့ COVID-19 ‌ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့ Video Conferencing လုပ်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တဲ့ မှတ်သားဖွယ်စကားပါ။ COVID-19 ရောဂါက တစ်ယောက်ကူးစက်ခံရရင် မိသားစုကိုပါ ထိခိုက်စေနိုင်လို့ စိုးရိမ်စရာကောင်းပါတယ်။ ပြီးတော့ ရောဂါပျိုးချိန် ကြာတဲ့အတွက် ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါလို့ ဆိုရမှာပါ။

အဲဒီအတွက် လူတစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် ဆင်ဆင်ခြင်ခြင် နေထိုင်ကြဖို့ လိုပါတယ်။ ကိုယ့်ကြောင့် သူတပါး ဒုက္ခမရောက်စေရဘူးဆိုတဲ့ အတွေးမျိုး နှလုံးသွင်းထားသင့်ပါတယ်။ ဒါပေမဲ့ အတ္တစိတ်ကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ထားနဲ့ မဖြစ်မနေ မလိုအပ်ဘဲ ဟိုသွား၊ ဒီသွား သွားနေသူတချို့တော့ ရှိနေဆဲပါ။ မလိုအပ်ဘဲ အသွား၊ အလာလုပ်နေတာက ကိုယ်ကိုယ်တိုင်ရော၊ သူတစ်ပါးကိုပါ ဒုက္ခရောက်စေတယ်ဆိုတာ မသိတာလား၊ သိသိရက်နဲ့ လုပ်နေကြတာလားဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ။ ဒီလိုလူမျိုးတွေကိုတော့ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုကတော့ လူမှုကွန်ရက်ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်ဇောနဲ့ သတင်းမှားတွေ တင်နေသူတွေကို တားဆီးဖို့ပါ။ COVID-19 ကြောင့် ပြည်သူတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ရှိနေကြပါတယ်။ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေရာကနေ ရုတ်တရက် Stay Home နေကြရလို့ ကျင့်သားမရသေးဘဲ စိတ်အလိုမကျ ဖြစ်တာမျိုးတွေလည်း ခံစားရပါတယ်။ ဒီလိုအချိန်မှာ မဟုတ်မမှန်သတင်းတွေ ရေးသားပြီး ပြည်သူတွေရဲ့ ဖိစီးနေပြီးသားစိတ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင်လုပ်တာက အင်မတန်အောက်တန်းကျတယ်လို့ ဆိုပါရစေ။

မနေ့ကလေးတင် လူသိများတဲ့ ဖေ့ဘွတ်ခ်အကောင့် ၃ ခုက ”အီကွေဒေါမှာ ကျန်းမာရေးစနစ် ပြိုလဲပြီ၊ Fail down ကြေညာလိုက်ပြီ” ဆိုတာမျိုး ရေးသားခဲ့ကြပါသေးတယ်။ တကယ်တော့ အီကွေဒေါနိုင်ငံရဲ့ COVID-19 ကူးစက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်တဲ့ ဂွာယာကေးမြို့မှာ အလောင်းတချို့ကို လမ်းဘေးပစ်ထားတာ၊ လမ်းပေါ်မှာ မီးရှို့သဂြိုဟ်တာမျိုး ဖြစ်ခဲ့ပါတယ်။ ဂွာယာကေးမြို့မှာ စည်ပင်သာယာရေးလုပ်ငန်းစဉ်တွေအတွက် စီမံခန့်ခွဲမှု မလုပ်နိုင်တော့တာမျိုးပါ။ ဒါက COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို တွန်းလှန်ဖို့ လက်လျှော့လိုက်တာမျိုးမဟုတ်ပါဘူး။

ဒီသတင်းက မြန်မာပြည်သူတွေရဲ့စိတ်ကို အနည်းနဲ့ အများဆိုသလို ပူပန်သောကရောက်စေပါတယ်။ မြေနိမ့်ရာ လှံစိုက်တဲ့ လုပ်ရပ်မျိုးကို မလုပ်ကြဖို့ လိုပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီက သတင်းတွေကို ဉာဏ်နဲ့ယှဉ် စိစစ်ကြပါ။ တွေ့ရင်မြင်ရာ Share ပြီး ကိုယ့်အကောင့်ထဲက မိတ်ဆွေ၊ သူငယ်ချင်းတွေကို စိတ်ဒုက္ခမပေးမိစေဖို့ ဆင်ခြင်ထိန်းသိမ်းကြပါ။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီက ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ်စည်း၊ ကိုယ်လုံအောင် ထိန်းဖို့ အချိန်တန်ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top