သံလွင်သီး စားဖြစ်လား

olives-J7RBZ8H1.jpg

သံလွင်သီးကို ဒီမှာတော့ ဟင်းလျာထဲ ထည့်ချက်တာ သိပ်မရှိကြပါဘူး။ သံလွင်ဆီကိုတော့ အစားများကြပါတယ်။ ဒါပေမယ့် ပီဇာ စားတဲ့အခါမျိုးမှာတော့ သံလွင်သီးက ပါတတ်စမြဲပါ။ ဒီ သံလွင်သီးလေးက ဘာတွေများ ကောင်းကျိုးများလဲ ဆိုတာကို ​ကြည့်လိုက်ရအောင်လား။

သံလွင်သီးကပေးတဲ့ ကျန်းမာရေး

သံလွင်သီးက မြေထဲပင်လယ်ဒေသရဲ့ အစားအစတစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုးအပြင် ကျန်းမာရေး အာနိသင်ပါကြွယ်ဝပါတယ်။ သံလွင်သီး စားသုံးပေးတာက နှလုံးကျန်းမာစေသလို ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတာအပြင် ဘယ်လိုများ ကျန်းမာရေး အကျိုးထူးတွေ ပေးစွမ်းသလဲဆိုတာကို ကြည့်လိုက်ရအောင်လား……….

ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် နှလုံးရောဂါ၊ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

သွေးတွင်းကိုလက်စထရော များတာ နဲ့ သွေးပေါင်ချိန်မြင့်တာက နှလုံးရောဂါဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ သံလွင်သီးမှာပါတဲ့ Oleic acid က သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL) ပမာဏကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရကတော့ သံလွင်သီးက သွေးမတိုးစေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။

အရိုးတွေ သန်မာစေတယ်

အသက်အရွယ်ရလာတဲ့အခါ အရိုးပွလာတာက အရိုးသိပ်သည်းဆ နည်းလာတာကြောင့်ပါ။ ဒီလို သိပ်သည်းဆနည်းလာတာက အရိုးတွေကို ကျိုးလွယ်စေနိုင်ပါတယ်။ ဒီပြဿနာကင်းစေဖို့ဆိုရင် သံလွင်သီးကို ပုံမှန် စားပေးသင့်ပါတယ်။

လေ့လာမှုတွေအရ သံလွင်သီးမှာပါတဲ့ အပင်ဒြပ်ပေါင်းက အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်၊ လို့ တွေ့ရပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

သံလွင်သီး စားသုံးတဲ့သူတွေ သံလွင်ဆီ စားသုံးသူတွေဟာ ကင်ဆာနဲ့ အခြား နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ နည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီတော့ ဖြစ်နိုင်တာက သံလွင်သီးက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။

သံလွင်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ oleic acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ် ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မလာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနေပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

သံလွင်သီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် E၊ ဆိုဒီယမ်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ် နဲ့phosphorus တို့ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

သွေးအားနည်းရောဂါ ကာကွယ်ပေးတယ်

သံလွင်သီးမှာ သံဓာတ် ပြည့်ဝစွာပါဝင်နေတာကြောင့် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

သံလွင်သီးကလည်း အမျှင်ဓာတ် ပြည့်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါကြောင့် အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို အူနံရံတွေကို အာဟာရစုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

ဒါတွေအပြင် သံလွင်သီးက

သွေးကြောပိတ်ဆို့မှု ကင်းစေတယ်
အသားအရေကို လှပစေတယ်
ဆံသား ကျန်းမာစေတယ်
မှတ်ဉာဏ်ပြဿနာ ကင်းစေတယ်
ဆဲလ်တွေ ထိခိုက်ပျက်စီးမှုက ကာကွယ်ပေးတယ်
ဝိတ်ကျစေနိုင်တယ်
သွေးတိုး ကျစေတယ်
မျိုးအောင်စေနိုင်တယ်
အာဟာရ ပြည့်ဝစေတယ် စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းပါသေးတယ်

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top