ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုး (၅) ခု

7-11-2020-yyl-022.jpg

တစ်နေ့ကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း မိနစ် (၃၀)၊ မိနစ် (၄၀) လောက်လုပ်တာက သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ညောင်းညာတာတွေကို လျော့ချပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကိုယ်အလေးချိန်ကိုလည်း ထိပေးရာရောက်ပါတယ်။ ဒါ့အပြင် နာတာရှည်ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးတဲ့နေရာမှာလည်း အကူအညီပေးပါတယ်။ ကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်အောင်လည်း ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းက အထောက်အကူပြုနေပါတယ်။ ဒါပေမဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို အရမ်းအားစိုက်ပြီး အလွန်အကျွံလုပ်မယ်ဆိုရင်တော့ ကောင်းကျိုးတွေရမယ့်အစား ဆိုးကျိုးတွေရလာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလိုက်စားတဲ့သူတွေအတွက် လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုး (၅) ခုကို ဖော်ပြပေးချင်ပါတယ်။

အမြဲတမ်း ပင်ပန်းသလို ခံစားရမယ်

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်လွန်းမယ်ဆိုရင် သင့်ရဲ့လုပ်နိုင်စွမ်းအားကို လျော့ချပေးရုံသာမက သင့်ကို တစ်ချိန်လုံး ပင်ပန်းသလို ခံစားရစေနိုင်ပါတယ်။ သင်က ညဘက် (၇-၈) ကြာအောင် ကောင်းကောင်းအိပ်စက်ခဲ့ရပြီး မနက်စာ ကောင်းကောင်းစားရရင်တောင် သင်က အားအင်ကုန်ခန်းနေပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါ အချိန်ကန့်သတ်ချက်ထားဖို့လိုတယ်ဆိုတာ နားလည်သင့်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်တဲ့အချိန်နဲ့ အနားယူတဲ့အချိန်ကြားမှာ လုံလုံလောက်လောက်အချိန်ပေးသင့်ပါတယ်။ အရမ်းကြီး Workout လုပ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို စိတ်ဖီစီးမှုဟော်မုန်းတွေ ထုတ်လွှတ်ဖို့ တွန်းအားပေးစေပြီး တစ်ချိန်လုံး ပင်ပန်းနွမ်းလျသလိုခံစားနေရပါလိမ့်မယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဆောင်နိုင်အား လျော့နည်းလာမယ်

လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်အရမ်းအားစိုက်တဲ့အခါ သင့်ကြွက်သားတွေက တင်းမာလာပါတယ်။ ဒါက တဖြည်းဖြည်းချင်း သင့်ရဲ့လုပ်ဆောင်နိုင်အားကို လျော့နည်းလာစေပါတယ်။ သင်က လေ့ကျင့်ခန်းအလွန်အကျွံမလုပ်မိအောင် သင့်ခန္ဓာကိုယ်ကို အနားပေးရမယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။

ခန္ဓာကိုယ်ထိခိုက်နာကျင်တာတွေတိုးလာမယ်

သင့်က Workout လုပ်တာကို အရမ်းအားစိုက်ပြီး လုပ်လေ့မရှိတဲ့သူဆိုရင် ပုံမှန်လေးအတိုင်းပဲ Workout လုပ်ပေးပါ။ အရမ်းတွန်းအားမပေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းအလွန်အကျွံလုပ်ဖို့ တွန်းအားပေးမိမယ်ဆိုရင် ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်တာ၊ ညောင်းညာတာတွေတိုးလာနိုင်ပါတယ်။ ကြွက်သားနာကျင်တာ၊ အဆစ်အမြစ်ကိုက်တာ၊ ကျောနာတာ၊ ခါးနာတာတွေက အရမ်း Workout လုပ်ခြင်းရဲ့အဖြစ်များတဲ့ထိခိုက်နာကျင်တာတွေပါပဲ။

အိပ်မရဖြစ်လာမယ်

လေ့ကျင့်ခန်းလုပ်တာက သင့်ခန္ဓာကိုယ်ကို နေလို့ထိုင်လို့ကောင်းအောင်၊ ကောင်းကောင်းအိပ်စက်နိုင်အောင် ကူညီပေးပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းအလုပ်လွန်းရင် ညဘက်တွေမှာ အိပ်မရတာတွေဖြစ်လာစေနိုင်ပါတယ်။ သင့်ကြွက်သားတွေက ဒဏ်ထိထားတဲ့အတွက် ဂနာမငြိမ်ဖြစ်ပြီး အိပ်ပျော်သွားဖို့ ခက်ခဲလာတာကို တွေ့လာရပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအားနည်းလာမယ်

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားချက်ကောင်းစေတဲ့ ဒိုပါမင်ဟော်မုန်းကို ထုတ်လွှတ်ပေးဖို့အတွက် အစပျိုးပေးတဲ့အတွက် သင့်စိတ်ခံစားချက်ကောင်းလာအောင် မြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းအရမ်းလုပ်မိမယ်ဆိုရင်တော့ ဒါနဲ့ဆန့်ကျင်ဘက်ပါပဲ။ ခန္ဓာကိုယ်အတွင်းမှာ ကော်တီဆုန်းဟော်မုန်းပမာဏကို တိုးလာစေတဲ့အတွက် စိတ်ခံစားချက်အတတ်အကျမြန်တာ၊ စိတ်ဖီစီးလာတာ၊ စိုးရိမ်ပူပန်လာတာ၊ စိတ်ဓာတ်ကျတာတွေဖြစ်လာနိုင်ပါတယ်။

Ref: Are you over-exercising? Beware of these 5 side-effects

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top