ရုတ်တရက်မူးဝေသွားမယ်ဆိုရင် ဘာတွေလုပ်မလဲ

9-10-2020-yyl-039.jpg

ရုတ်တရက်မူးဝေသွားသလို ခံစားဖူးကြတယ်မလား။ ရုတ်တရက်မူးဝေသလိုခံစားရတာက လူတွေ နေမကောင်းဖြစ်သွားစေနိုင်ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်နိုင်တဲ့ ခေါင်းမူးတာမျိုးပါ။ တချို့လူတွေက အဲဒီလိုခံစားရရင် ဆေးဝယ်သောက်တာများပါတယ်။ အဲဒီလိုပြဿနာအတွက် အမြဲတမ်းဆေးဝယ်သောက်စရာမလိုဘဲ ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့ သဘာဝအိမ်တွင်းနည်းလမ်းတွေရှိပါတယ်နော်။ ရုတ်တရက်မူးဝေသလိုခံစားရရင် ပထမဆုံးလုပ်ရမှာက လဲကျပြီး ထိခိုက်ဒဏ်ရာရမှုတွေမဖြစ်အောင် ချက်ချင်း ထိုင်ချပစ်သင့်ပါတယ်။

မူးဝေတာက မိမိမှာရှိတဲ့ကျန်းမာရေးအခြေအနေရဲ့လက္ခဏာရပ်ဖြစ်နိုင်သလို အမျိုးအမျိုးကျန်းမာရေးအခြေအနေရဲ့ လက္ခဏာရပ်လည်းဖြစ်နိုင်ပါတယ်။ ရောဂါအခြေအနေက ဘာလည်းဆိုတာ မသိသေးတဲ့အထိ ရုတ်တရက်မူးဝေခေါင်းမူးတာတွေက ပြန်ပေါ်လာနိုင်ပါတယ်။ မကြာခဏ မူးဝေခေါင်းမူးသလိုခံစားရရင် ဘာကြောင့်အခုလိုဖြစ်ရလဲဆိုတာ သိရဖို့အတွက် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ တစ်ခါမှ မဖြစ်ဖူးဘဲနဲ့ ရုတ်တရက်မူးဝေသလိုခံစားရရင် အောက်မှာဖော်ပြပေးထားတဲ့ သဘာဝအိမ်တွင်းနည်းတချို့နဲ့ သက်သာသွားအောင် လုပ်လို့ရပါတယ်။

ချင်း (ဂျင်း)ပြုတ်ရည်သောက်ပေးပါ

ချင်းအမြစ်က မူးဝေခေါင်းမူးတာရဲ့အကျိုးဆက်တွေကို လျော့ချပေးနိုင်တယ်လို့ Journal of Acupuncture and Tuina Science မှာပါဝင်တဲ့ လေ့လာချက်အရ သိရပါတယ်။ ချင်းကို (၅) မိနစ်လောက် ပြုတ်ပြီး သောက်ပေးလို့ရပါတယ်။ ခါးသပ်သပ်အရသာကို မကြိုက်ရင်တော့ ချင်းပြုတ်ရည်ထဲကို ပျားရည်ထည့်သောက်လို့ရပါတယ်။ ချင်းပြုတ်ရည်ကို တစ်နေ့ (၂) ကြိမ်သောက်ပေးတာက မအီမသာဖြစ်တာ၊ မူးဝေတာနဲ့ အခြားမူးဝေခြင်းလက္ခဏာရပ်တွေကို လျော့ချပေးနိုင်ပါတယ်။

အယ်မွန်စေ့ကို စားပေးပါ

အယ်မွန်စေ့က ဗီတာမင် အေ၊ ဘီ၊ အီးဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ အယ်မွန်စေ့ကို လက်တစ်ဆုပ်စာလောက် စားပေးမယ်ဆိုရင် မူးဝေတာရဲ့အကျိုးဆက်ကို ပြေပျောက်သွားအောင် ကူညီပေးနိုင်ပါတယ်။

ရေသောက်ပေးပါ

ရေဓာတ်ကုန်ခန်းတာကလည်း ရုတ်တရက်မူးဝေခြင်းရဲ့လက္ခဏာရပ်ကို ဖြစ်စေနိုင်ပါတယ်။ အသေးစားရေဓာတ်ကုန်ခန်းတာက ဒီအခြေအနေဖြစ်အောင် အစပျိုးပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရေဓာတ်ပြည့်ဝအောင်နေတာက မူးဝေတာမျိုးတွေမဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

မရှိမဖြစ်ဆီ (Essential Oil) လိမ်းပေးပါ

မရှိမဖြစ်ဆီတွေကလည်း ပြဿနာအမျိုးမျိုးအတွက် လွယ်ကူပြီး ထိရောက်တဲ့ကုသနည်းတွေထဲက တစ်ခုပါ။ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာအပါအဝင် ရုတ်တရက်မူးဝေခြင်းရဲ့လက္ခဏာရပ်တွေကို ကိုင်တွယ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ပူစီနံ၊ ချင်း၊ သံပုရာ၊ လာဗင်ဒါအဆီတွေကို ရုတ်တရက်မူးဝေတာမျိုးကို သက်သာသွားဖို့အတွက် အသားထဲစိမ့်ဝင်အောင် အသုံးပြုပေးလို့ရပါတယ်။

ပျားရည်နဲ့ ပန်းသီးအရက်ဗင်နီဂါတို့ သောက်ပေးပါ

ပျားရည်နဲ့ ပန်းသီးအရက်ဗင်နီဂါနှစ်မျိုးလုံးက ဦးနှောက်ထဲက သွေးလည်ပတ်မှုကို ကောင်းစေတယ်လို့ သိထားကြပါတယ်။ ရုတ်တရက်မူးဝေခြင်းလက္ခဏာရပ်ကို ကုသပေးဖို့အတွက် ပန်းသီးအရက်ဗင်နီဂါ (၁) ဆနဲ့ ပျားရည် (၂) ဆတို့ကို ရောပြီး သောက်သုံးပေးလို့ရပါတယ်။

Ref: Home remedies for vertigo

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top