ကိုယ်ခံအားစနစ်ကို အားနည်းသွားအောင် လုပ်မိနေတဲ့အမှားများ

23-3-2020-yyl-016.jpg

COVID 19 က ဆက်လက်ပျံ့နှံ့နေတာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ပြည်သူတွေကို ရောဂါကူးစက်မခံရဖို့အတွက် အိမ်မှာနေဖို့ မြို့တွေ၊ နိုင်ငံတွေကို ပိတ်ဆို့တားမြစ်ထားတာတွေ လုပ်ဆောင်ထားရကြပါတယ်။ ပြည်သူတွေကလည်း COVID 19 ကူးစက်မခံရဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ကြရမှာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့အတိုင်း လက်ကို သေချာသန့်စင်အောင်ဆေးတာ၊ လက်သန့်ဆေးရည်သုံးတာ၊ လူစုလူဝေးတွေကို ရှောင်ပြီး အတတ်နိုင်ဆုံး အိမ်မှာနေတာတွေ လုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကောင်းဖို့လည်း အရေးကြီးပါတယ်။ ကိုယ်ခံအားစနစ်က ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကိုယ်ခံအားစနစ်အားနည်းရင် ဗိုင်းရပ်စ်က အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းဖို့အတွက် အသီးနဲ့ ဟင်းသီးဟင်းရွက် များများစားတာတွေအပြင် အောက်မှာ ဖော်ပြပေးထားတဲ့ အမှားတွေ မလုပ်မိအောင် နေထိုင်သင့်ပါတယ်။

စိတ်ဖိစီးမှုများတာ

ကမ္ဘာတစ်ဝှမ်းမှာ COVID 19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတာကြောင့် လူတော်တော်များများ ထိတ်လန့်စိုးရိမ်နေကြရပါတယ်။ ကိုယ်ခံအားစနစ် ကောင်းအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ဆိုရင် သင့်အနီးနားက အသေးအမွှားကိစ္စတွေကို ပြောင်းလဲပေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုနည်းအောင် နေသင့်ပါတယ်။ စိတ်ဖိစီးတာကလည်း သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ပါတယ်။ စိတ်ဖိစီးတဲ့အခါ သင့်ခန္ဓာကိုယ်က လှည့်ပတ်နေတဲ့ သွေးတွေထဲကို ကော်တီဆုန်း (Cortisol) ဟော်မုန်းတွေ ထုတ်လွှတ်ပါတယ်။ အဲဒါက သင့်ရဲ့ကိုယ်ခံအားစနစ်ကို လာထိခိုက်စေပြီး နေမကောင်း ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုကင်းအောင် နေထိုင်ပြီး သွေးကြောတွေ တည်ငြိမ်သွားအောင် တရားထိုင်သင့်ပါတယ်။

လှုပ်လှုပ်ရှားရှားမနေတာ

သင်က ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်ရင် လှုပ်လှုပ်ရှားရှားမနေရင် ကိုယ်ခံအားစနစ် အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ COVID 19 ကြောင့် Gym မသွားဖြစ်ဘူးဆိုရင်လည်း လိုင်းပေါ်မှာ တင်ထားတဲ့ လေ့ကျင့်ခန်းတွေကို ကြည့်ပြီး အိမ်မှာ လုပ်လို့ရပါတယ်။ ကိုယ်လက်လှုပ်ရှားဖို့အတွက် အရမ်းအားစိုက်စရာမလိုပါဘူး။ အကြောလျော့ လေ့ကျင့်ခန်းနဲ့ ယောဂကျင့်တာတွေ လုပ်လို့ရပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းအောင်နေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

အိပ်ချိန်မမှန်တာ

COVID 19 ကြောင့် အိမ်မှာ နေဖို့ ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွေနဲ့ ဇာတ်ကားတွေကြည့်ရင်း အိမ်မှာနေလို့ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းကြည့်လွန်းပြီး အိပ်ရေးမပျက်အောင် ဂရုစိုက်ဖို့အရေးကြီးပါတယ်။ အိမ်မှာ နေရင်း သင့်တင့်လျောက်ပတ်တဲ့ အိပ်စက်ချိန်ရှိဖို့အတွက် ဂရုစိုက်ရပါမယ်။ အနည်းဆုံး (၆ နာရီ) (၈နာရီ) အိပ်စက်ပေးသင့်ပါတယ်။ အိပ်ရေးဝမှ ခန္ဓာကိုယ်က အားအင်ပြည့်ဝပြီး ဗိုင်းရပ်စ်တွေကို ခုခံနိုင်မှာဖြစ်ပါတယ်။ ကောင်းကောင်းအိပ်ပျော်သွားဖို့အတွက် မအိပ်ခင် (၁) နာရီကတည်းက ဖုန်းမသုံးတာအကောင်းဆုံးပါပဲ။ အိပ်ရေးပျက်တာကလည်း ကိုယ်ခံအားစနစ်ကို အားနည်းသွားစေတဲ့အတွက် အိပ်ရေးဝအောင် အိပ်စက်သင့်ပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက သင့်ခန္ဓာကိုယ်ကို ကောင်းကျိုးမပေးဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ဆေးလိပ်သောက်တာက သင့်အဆုတ်ကို ထိခိုက်စေတဲ့အပြင် ကိုယ်ခံအားစနစ်မှာလည်း ပြဿနာဖြစ်လာနိုင်ပြီး အအေးမိတာနဲ့ အခြားကူးစက်ရောဂါတွေပိုပြီး ကပ်ညှိလာနိုင်ပါတယ်။ နီကိုတင်းက ကော်တီဆုန်းပမာဏကို တိုးလာနိုင်ပြီး ကူးစက်မှုတွေ ဝင်ရောက်လာစေနိုင်ပါတယ်။ ဒါ့အပြင် သွေးအတွင်းက အန်တီအောက်စီဒန့်ဓာတ်ကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကို တန်းဖြတ်လို့မရတာကြောင့် တစ်နေ့ကို ပုံမှန်သောက်နေကျထက် လျော့သောက်ပေးသင့်ပါတယ်။

အရက်သောက်တာ

တကယ်တော့ အရက်သောက်တာက COVID 19 ဗိုင်းရပ်စ်ကို သတ်မပေးနိုင်ပါဘူး။ အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အသည်းတို့ကို ထိခိုက်စေနိုင်တဲ့အတွက် ကိုယ်ခံအားစနစ်မှာ ပြဿနာ ဖြစ်လာစေနိုင်ပါတယ်။ အရက်သောက်တာက သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်အတွင်းမှာ အရက်မသောက်တာ အကောင်းဆုံးပါပဲ။

Ref: Are you weakening your immune system by committing these 5 mistakes?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top