COVID 19 ကြောင့် ပိတ်ဆို့တားမြစ်ထားတဲ့အတွက် မြို့ထဲကို တိရစ္ဆာန်တွေ ကျူးကျော်ဝင်ရောက်ခဲ့

23-3-2020-yyl-023.jpg

နိုင်ငံတော်တော်များများမှာ COVID 19 ကြောင့် ပိတ်ဆို့တားမြစ်မှုတွေ လုပ်ထားတဲ့အတွက် လူတွေက အပြင်မထွက်ရဘဲ အိမ်မှာ ဇာတ်ကားကြည့်တာ၊ စာအုပ်ဖတ်တာတွေ လုပ်နေကြရပါတယ်။ ဒါပေမဲ့ အိမ်မှာ နေကြတဲ့ လူတွေက ပိတ်ဆို့တားမြစ်မှုရဲ့မမျှော်လင့်မထားတဲ့ရလဒ်ကို မထင်မှတ်ထားလောက်အောင် တွေ့ရှိခဲ့ရပါတယ်။ ဂျပန်၊ အီတလီနဲ့ ထိုင်းနိုင်ငံတွေလို နိုင်ငံတွေမှာ မြို့ထဲလူသူကင်းမဲ့နေတဲ့အတွက် လမ်းမထက်မှာ တိရစ္ဆာန်တွေ သွားလာနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဂျပန်နိုင်ငံမှာ Nara Park က သမင်တွေက အစာရှာဖို့အတွက် မြို့လမ်းမထက်မှာ သွားလာနေတာကို မြင်တွေ့ခဲ့ရတာပါ။ အဲဒီပန်းခြံက သမင်တွေက နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့အတွက် အမြဲလိုလို လူပြည့်နေတာဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေက သမင်တွေကို အစာကြွေးဖို့အတွက် ဆန်မုန့်တွေ ဝယ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ COVID 19 ကြောင့် ခရီးသွားဧည့်သည်အရေအတွက်က ပြီးခဲ့တဲ့အပတ်တွေကတည်းက ထိုးကျသွားခဲ့တဲ့အတွက် သမင်တွေကို အစာကြွေးမဲ့သူတွေမရှိတာကြောင့် သမင်တွေက မြို့ထဲကို အစာရှာထွက်လာကြရတာဖြစ်ပါတယ်။

နာရာလမ်းမထက်မှာ သမင်တွေ လှည့်လည်သွားလာနေတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေဟာ လူမှုကွန်ယက်အကောင့်မှာ ပေါ်လာခဲ့ပြီး လူတွေက အံ့သြမင်သက်နေကြပါတယ်။ ဒီပုံတွေကို တင်ခဲ့တဲ့သူက တွစ်တာအကောင့်ပိုင်ရှင် အိုကာဒန်နစ် (Okadennis) ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ လော့ဘူရီမြို့က City Plaza မှာလည်း မျောက်တွေ အုံလိုက်ကျင်လိုက်သွားနေတဲ့ ဗီဒီယို ကိုလည်း တွေ့ရပါတယ်။

အီတလီလူမျိုး Tumblr အကောင့်အသုံးပြုသူတစ်ဦးကလည်း လမ်းမထက်မှာ တောဝက်တွေကို မြင်တွေ့ခဲ့ရကြောင်းပြောထားပါတယ်။ အီတလီနိုင်ငံမှာ ပိတ်ဆို့မှုတွေလုပ်လိုက်တဲ့အတွက် အခုလိုမြင်ကွင်းမျိုး မြင်တွေ့ရတာဖြစ်ပါတယ်။ သိုး၊ တောဝက်၊ မြင်းတွေက လမ်းမထက်မှာ သွားလာနေကြတာပါ။ သူတို့တွေ့ရှိခဲ့တာတွေကို တင်ခဲ့တဲ့ လူအများစုဟာ ဒီအခြေအနေက သူတို့ကို လုံးဝအံ့အားသင့်သွားစေပါတယ်တဲ့။

လက်ရှိမှာ အီတလီနိုင်ငံက တရုတ်နိုင်ငံထက် သေဆုံးသူဦးရေများနေပါတယ်။ ကူးစက်ခံရသူဦးရေကတော့ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး ဒုတိယ အီတလီ၊ တတိယ အမေရိကန်၊ စတုတ္ထ စပိန်၊ ပဉ္ဓမ ဂျာမနီ ဖြစ်ပါတယ်။

Ref: Animals Invade Cities As People Quarantine Themselves At Home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top