မွေးနေ့ပါတီပွဲမှာ သေနတ်နဲ့ဝင်ပစ်သူကို ဖြတ်သွားဖြတ်လာအမျိုးသမီးက ပစ်ခတ်တားဆီးပေးခဲ့

30-5-2022-yyl-01.jpg

မွေးနေ့ပါတီပွဲ ဆင်နွှဲနေသူတွေကို သေနတ်သမားက မောင်းပြန်သေနတ်နဲ့ ဝင်ပစ်နေတုန်း သေနတ်အသင့်ပါတဲ့ လမ်းသွားလမ်းလာ အမျိုးသမီးက သေနတ်သမားကို အသေပစ်ခတ် တားဆီးပေးနိုင်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးက တဒင်္ဂအတွင်း တုံ့ပြန်လှုပ်ရှားခဲ့လို့သာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုနီဟာဇလက်က ပြောပါတယ်။ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ ပြစ်မှုမှတ်တမ်း အများအပြားရှိတဲ့ ၃၇ နှစ်သား ဒင်းနစ်ဘတ်တလာက အနောက်ဗားဂျီးနီးယားပြည်နယ်၊ ချားလိစတန်မြို့က အခင်းဖြစ်ပွားရာနေရာကို ကားနဲ့ဖြတ်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ ကလေးတွေ ကစားနေလို့ ကားကို အရှိန်လျှော့မောင်းဖို့ ဘတ်တလာကို ဝိုင်းပြောခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ ဘတ်တလာက AR-15 မောင်းပြန်သေနတ်ကိုင်ကာ ပြန်လာခဲ့ပြီး သူ့ကားထဲကနေ မွေးနေ့ပါတီပွဲလုပ်နေသူတွေကို ပစ်ခတ်ခဲ့တာပါ။ တက္ကဆက်ပြည်နယ် ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်မှုကြောင့် သေနတ်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝန်း ထင်မြင်ချက်အမျိုးမျိုး ပေးနေကြချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ဘတ်တလာကို သေနတ်နဲ့ပစ်ပြီး တားဆီးခဲ့တဲ့ ဖြတ်သွားဖြတ်လာ အမျိုးသမီးဟာ သေနတ်ကို တရားဝင်ကိုင်ဆောင်ခွင့်ရရှိထားသူဖြစ်ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့နဲ့ ဆက်နွှယ်မှု မရှိပါဘူး။ ဘတ်တလာကတော့ သေနတ်ဒဏ်ရာအများအပြားနဲ့ အခင်းဖြစ်ပွားရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြစ်မှုမှတ်တမ်း အများအပြားရှိတဲ့ ဘတ်တလာက သေနတ် ဘယ်လိုရလာလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဘတ်တလာကို ပစ်ခတ်တားဆီးပေးခဲ့တဲ့ အမျိုးသမီးအနေနဲ့ စွဲချက်တင်ခံရမှာမဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

Ref: BBC ” Armed female bystander kills man firing at party in West Virginia”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top