မွေးရာပါ ပြုံးယောင်သန်းနေတဲ့ သွင်ပြင်ကြောင့် TikTok Star ဖြစ်လာတဲ့ကလေး

30-5-2022-yyl-04.jpg

” ခွဲမွေးရတာ မလွယ်ဘူးလေ။ ခွဲမွေးရလို့ စိတ်လှုပ်ရှားနေရချိန်မှာ မွေးမွေးပြီးချင်း ဆရာဝန်တွေက သမီးလေးကို လာပြတယ်။ ကလေးသေးသေးလေးဆိုတော့ ပါးစပ်ပုံသဏ္ဍာန်က ပိုထင်ရှားနေတာပေါ့။ ကျွန်မတို့လင်မယား ၂ ယောက်လုံး ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီလိုမျိုး မကြုံဖူးဘူးလေ။ macrostomia (နှုတ်ခမ်းထောင့်ကွဲ မဆက်ဘဲ မွေးဖွားလာခြင်း)အခြေအနေရှိသူတွေကိုလည်း တစ်ခါမျှ မမြင်ဖူးတော့ တော်တော်ကြီး တုန်လှုပ်သွားတာပေါ့” လို့ မိခင်ဖြစ်သူ ခရစ္စတီနာက ဆိုပါတယ်။

သြစတြေးလျနိုင်ငံတောင်ပိုင်း အဒီလိတ်မြို့မှာ နေထိုင်တဲ့ ခရစ္စတီနာနဲ့ ခင်ပွန်းဖြစ်သူ ဘလိတ်ဇ်တို့ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ သမီးငယ် အေလာကို မွေးဖွားခဲ့ကြတာပါ။အေလာဟာ နှုတ်ခမ်းထောင့် ၂ ဖက်လုံးမဆက်ဘဲ မွေးဖွားလာလို့ သူ့မျက်နှာကို ပြုံးယောင်သန်းနေပါတယ်။ ၂၀၀၇ ခုနှစ်စစ်တမ်းအရတော့ macrostomia အခြေအနေနဲ့ မွေးဖွားလာသူ ၁၄ ယောက်ပဲ ရှိဖူးတယ်လို့ ဖော်ပြထားပါတယ်။

သမီးငယ်အေလာရဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုသိရစေဖို့၊ macrostomia အခြေအနေကို လူတွေ ပိုသတိထားမိစေဖို့၊ သူတို့ ကြုံရတဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ ရည်ရွယ်ပြီး ခရစ်စတီနာနဲ့ ဘလိတ်ဇ်တို့ ဇနီးမောင်နှံက TikTok အကောင့်တစ်ခု ဖွင့်ခဲ့ကြပါတယ်။

ခရစ္စတီနာက သမီးငယ်အေလာကို အဝတ်အစားလဲနေတဲ့ TikTok ဗီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၄၆ သန်းရှိခဲ့ပြီး အားပေးစကားပြောသူတွေလည်း များပြားခဲ့ပါတယ်။အေလာဟာ သူ့ရဲ့ပါးစပ်အနေအထားကြောင့် နို့စို့ဖို့အတွက် အခက်အခဲ ကြုံခဲ့ရပါတယ်။ အေလာလို အခြေအနေမျိုးနဲ့ မွေးဖွားလာသူတွေကို ပါးစပ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေ လုပ်နိုင်စေဖို့အတွက် ခွဲစိတ်မှုလုပ်ဖို့ အကြံပေးလေ့ရှိပါတယ်။ ခရစ်စတီနာနဲ့ ဘလိတ်ဇ်တို့ ဇနီးမောင်နှံကတော့ သမီးဖြစ်သူကို ခွဲစိတ်မှုလုပ်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

” လူတိုင်းအပေါ် ကြင်နာစိတ်ထားဖို့၊ လူတိုင်းကို လက်ခံပေးနိုင်တတ်သူဖြစ်ရုံမှတပါး အခြားမရှိဘူးလို့ ကျွန်မ အကြံပေးပါရစေ။ ကိုယ့်ဘဝမှာ ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်သားသမီးမှာ ဒီလိုအခြေအနေမျိုး ဖြစ်နေရင်လည်း လူတွေဆီကနေ ပုံမှန်လေးစားမှုမျိုး လိုချင်ကြမှာပါပဲ”လို့ ခရစ္စတီနာက ဆိုပါတယ်။

Ref: Dailymail ” Baby girl born with a ‘permanent smile’ becomes a TikTok star as one of just 14 people in the world with the rare condition”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top