သူငယ်ချင်းရဲ့သွေးတွေ သုတ်လိမ်းပြီး သေချင်ယောင်ဆောင်ခဲ့လို့ လွတ်မြောက်ခဲ့တဲ့ ကျောင်းသူလေး

26-5-2022-yyl-54.jpg

အသက် ၁၁ နှစ်အရွယ် ကျောင်းသူလေး မီအာ ဆာရီလိုဟာ တက္ကဆပ်ပြည်နယ်၊ ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်ခံမှုကနေ အသက်ရှင်လွှတ်မြောက်ခဲ့တဲ့သူတွေထဲက တစ်ယောက်ပါ။ မီအာက သူ့ဆရာမတွေနဲ့ သူငယ်ချင်းတွေကို ပစ်သတ်ခံရပြီးနောက် အသက်ရှင်လွတ်မြောက်နိုင်မယ့်နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ သူက အပစ်ခံလိုက်ရတဲ့ သူ့သူငယ်ချင်းရဲ့သွေးတွေကို ခန္ဓာကိုယ်မှာ သုတ်လိမ်းပြီး သေချင်ယောင်ဆောင်ခဲ့လို့ သေဘေးက လွတ်မြောက်သွားခဲ့တာပါ။

သေနတ်ပစ်ခတ်မှုဖြစ်ပွားတဲ့ မေလ ၂၄ ရက်နေ့မှာ မီအာက ဆရာဝန်သွားပြနေလို့ ကျောင်းကို နောက်ကျမှ ရောက်လာခဲ့ပါတယ်။ တစ်နာရီအကြာမှာ အသက် ၁၈ နှစ်အရွယ် သေနတ်သမား ဆာဗာဒေါ ရာမို့စ် ပစ်ခတ်ခဲ့တဲ့အချိန်မှာ မီအာက အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ပါတယ်။

သူတို့ရဲ့ပတ်ပတ်လည်မှာ ကျည်ဆန်တွေ ဝဲပျံနေခဲ့တဲ့အတွက် မီအာက အခြားကလေးမလေးနဲ့အတူ သေချင်ယောင်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဉီးမှာ မီအာပဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သေသွားခဲ့တဲ့ သူ့ရဲ့အတန်းဖော်ရဲ့အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

မီအာ သုံးခဲ့တဲ့ အသက်ရှင်လွတ်မြောက်မယ့်နည်းကို သူ့အဒေါ်ဖြစ်သူ ဘလန်ကာ ရီဗာရာက ပြောပြခဲ့ပါတယ်။ “မီအာက သေချင်ယောင်ဆောင်ဖို့အတွက် သွေးတွေယူပြီး သူ့ခန္ဓာကိုယ်ပေါ် သုတ်လိမ်းလိုက်တယ်။ သွေးအိုင်ထဲ လဲကျနေတဲ့ သူ့သူငယ်ချင်းကို မီအာ မြင်ခဲ့ပြီး အဲ့ဒီသွေးကို ယူကာ သုတ်လိမ်းခဲ့တာလို့ ကျွန်မရဲ့ယောက်မက ပြောတယ်”

ကျောင်းပစ်ခတ်မှုမှာ မီအာ ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့ ဆေးရုံက ဆင်းလာခဲ့ပါပြီ။ မီအာရဲ့နောက်ကျောမှာ ကျည်ဆန်အပိုင်းအစတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ မီအာက ပစ်ခတ်မှုဖြစ်စဉ်နဲ့ အတန်းဖော်တွေရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ကြိုးစားနေရတယ်လို့ သူ့အဒေါ်က ပြောပါတယ်။ ရော့ဘ်မူလတန်းကျောင်းက မီအာရဲ့ညီမလေး ဒုတိယတန်းသူလေးလည်း ပစ်ခတ်မှုကြောင့် ထိတ်လန့်တုံ့လှုပ်နေပါတယ်။ ဒီဆိုးရွားတဲ့ဖြစ်ရပ်ကနေ ကျော်လွှားနိုင်ဖို့ ကလေးတွေကို ကူညီပေးသွားမယ်လို့ မိသားစုက ပြောပါတယ်။

“အခုအချိန်မှာ ဒီအခြေအနေကို ကျော်ဖြတ်နိုင်အောင် ကျွန်မတို့ကို ကူညီပေးဖို့အတွက် ဘုရားသခင်ကို ဆုတောင်းမယ်။ ဒါက စိတ်ဒဏ်ရာရစေတယ်၊ ဒါကို မီအာကျော်လွှားနေရတယ်ဆိုတာ ကျွန်မ သိတယ်။ သူ ဘာတွေ ခံစားနေရတယ်ဆိုတာကို ကျွန်မ စိတ်ကူးကြည့်လို့တောင်မရပါဘူး”လို့ ဘလန်ကာ ရီဗာရာက ပြောပါတယ်။

မီအာရဲ့အမေကတော့ ကြောက်မက်ဖွယ်အဖြစ်အပျက်ရဲ့နောက်ဆက်တွဲကို သမီးဖြစ်သူ ကျော်လွှားနိုင်အောင် ကူညီပေးဖို့အတွက် GoFundMe ပေ့ချ်ကို ထောင်ထားပါတယ်။

Ref: Ladbible “Girl Covered Herself In Someone’s Blood To Pretend She Was Dead During Texas School Shooting”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top