အမေရိကန် လက်လီအရောင်းဆိုင်သမိုင်းရဲ့ မကြုံစဖူးဖြစ်ရပ်

work.jpg

အာသာတီဒီမောလက်စ် (Arthur T. Demoulas)ဟာ New England ဒေသရဲ့ နာမည်ကျော် Market Basket စူပါမားကတ်လုပ်ငန်းစုကို သူ့ဖခင် တည်ဆောက်ခဲ့တဲ့ မူဝါဒတွေအတိုင်း ဆက်လက်ဦးဆောင်ခဲ့သူပါ။ အဲဒီမူဝါဒတွေကတော့ အလုပ်သမားတွေအတွက် ရက်ရက်ရောရော အမြတ်ခွဲဝေပေးမယ်၊ ဝယ်ယူသူတွေအတွက်လည်း ဈေးနှုန်းချိုသာရမယ်ဆိုတာပါပဲ။ အလုပ်ရှင် – အလုပ်သမားဆိုတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘဲ ဂိုဒေါင်အလုပ်သမားတစ်ယောက်ချင်းစီရဲ့ နာမည်ကို မှတ်မိနေတဲ့အပြင် သူတို့ရဲ့မိသားစုဝင်တွေနဲ့ပါ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။

အာသာတီဟာ ငွေကိုင်စာရေးလေးတွေကအစ ကုန်တင်ကားဒရိုင်ဘာတွေအထိ လူကိုယ်တိုင် ရင်းနှီးကျွမ်းဝင်ပြီး ဝန်ထမ်းတစ်ဦးဦး နာရေးရှိရင် ကိုယ်တိုင်ရောက်လာတတ်သလို၊ ဝန်ထမ်းတွေရဲ့ မိဘတွေ နေမကောင်းဖြစ်ရင်လည်း ဖုန်းဆက်မေးမြန်းတတ်သူပါ။

တခြားကုမ္ပဏီ CEO တွေသာဆိုရင် ရှယ်ယာရှင်တွေဆီ ခွဲဝေပေးမယ့် အမြတ်ငွေတွေကို သူကတော့ ဝန်ထမ်းတွေအတွက် အပိုဆုကြေး (Bonuses) အဖြစ် ခွဲဝေပေးခဲ့တာပါ။ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ Market Basket ဟာ အမြတ်အစွန်း ကောင်းကောင်းရနေလျက်နဲ့ ၂၀၁၄ ခုနှစ် ဇွန်လမှာတော့ ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒါရိုက်တာဘုတ်အဖွဲ့က အမြတ်အစွန်း ပိုရချင်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ဘုတ်အဖွဲ့ မဲခွဲမှုမှာ အာသာတီကို ရာထူးက ဖယ်ရှားချင်တဲ့ အစုအဖွဲ့က အနိုင်ရသွားခဲ့ပြီး သူ့နေရာမှာ အစားထိုးဖို့ လူသစ် စတင်ရှာဖွေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန် လက်လီအရောင်းလောက သမိုင်းမှာ မကြုံစဖူး အဖြစ်အပျက်တခု ကြုံခဲ့ပါတယ်။

အာသာတီ အလုပ်ထုတ်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ စတိုးဆိုင်မန်နေဂျာတွေ၊ လက်ထောက်မန်နေဂျာတွေ၊ ဂိုဒေါင်အလုပ်သမားတွေနဲ့ ကုန်တင်ကားဒရိုင်ဘာတွေ စုစည်းပြီး ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့မှာ အလုပ်သမားသမဂ္ဂ မရှိသလို၊ တရားဝင် ညှိနှိုင်းဆောင်ရွက်ပေးမယ့် ယန္တရားလည်း မရှိပါဘူး။ သူတို့အတွက် တစ်ခုတည်းသော လုပ်စရာကတော့ အလုပ်တွေကို “ရပ်ပစ်လိုက်ဖို့” ပါပဲ။ ဂိုဒေါင်တွေဟာ တိတ်ဆိတ်သွားပြီး ကုန်ပစ္စည်းပို့ဆောင်မှုတွေ နှေးကွေးသွားပါတယ်။

အလုပ်သမားတွေဟာ အလုပ်ကို လာကြပေမယ့် ပစ္စည်းတစ်ခုမှ နေရာမချဘဲ ဆန္ဒပြခဲ့တာကြောင့် စင်တွေပေါ်မှာလည်း ပစ္စည်းတစ်ခုမှ မရှိပါဘူး။ အဲဒီသပိတ်မှောက်မှုဟာ မက်ဆာချူးဆက်၊ နယူးဟမ်ရှိုင်းယားနဲ့ မိန်းပြည်နယ်တွေမှာရှိတဲ့ Market Basket ဆိုင်ခွဲပေါင်း ၇၁ ဆိုင်လုံးကို ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။

ဈေးဝယ်ယူသူတွေကပါ သူတို့ ဆန္ဒအလျောက် ဒီသပိတ်မှာ ပါဝင်လာကြပြီး အလုပ်သမားတွေရဲ့ ဆန္ဒပြမှုကို မနှောင့်ယှက်လိုတဲ့အတွက် Market Basket ဆိုင်တွေရှေ့ကနေ ကျော်မောင်းသွားပြီး တခြားပြိုင်ဘက်ဆိုင်တွေမှာပဲ သွားဝယ်ကြပါတော့တယ်။ ခြောက်ပတ်အတွင်းမှာတင် အရောင်းနှုန်းဟာ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပါတယ်။ ကုမ္ပဏီဟာ တစ်ပတ်ကို ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနစ်နာနေရပါပြီ။

အာသာတီရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံရတဲ့ စီမံခန့်ခွဲသူအသစ်တွေက သပိတ်ခေါင်းဆောင်တွေကို အလုပ်ထုတ်ပစ်လိုက်ပေမဲ့ ဒီလုပ်ရပ်က မီးလောင်ရာ လေပင့်ဖြစ်စေခဲ့ပြီး ဆန္ဒပြပွဲကို ပိုပြင်းထန်စေခဲ့ပါတယ်။ အလုပ်က ထုတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြည့်ပြီး အရင်က သပိတ်မှာ မပါဝင်ခဲ့တဲ့ အလုပ်သမား ထောင်ချီ သပိတ်ထဲ ပါဝင်လာကြပါတယ်။ နိုင်ငံရေးသမားတွေကပါ ဒီပြဿနာထဲ ဝင်ပါလာပြီး အာသာတီကို ရာထူးပြန်ပေးဖို့ လူသိရှင်ကြား တောင်းဆိုလာကြပါတယ်။

အမြတ်အစွန်းအပေါ် အာရုံစိုက်မှုနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ထုတ်ပစ်ခဲ့တဲ့ ဘုတ်အဖွဲ့ဟာ အခုတော့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး ပြိုလဲပျက်စီးနေတာကို ထိုင်ကြည့်နေရပါပြီ။

သပိတ်မှောက်မှုတွေ ရက်သတ္တပတ် ၈ ပတ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှာတော့ အာသာတီက သူ့ကို ရာထူးက ထုတ်ခဲ့တဲ့ ဘုတ်အဖွဲ့ဝင်တွေဆီကနေ Market Basket ရဲ့ ရှယ်ယာအများစုကို ပြန်လည်ဝယ်ယူနိုင်ခဲ့ပါတယ်။ သူ ကုမ္ပဏီကို ပြန်ရောက်လာပြီး ဂိုဒေါင်ထဲကို ဝင်သွားတဲ့အချိန်မှာ လစာမရဘဲ နှစ်လတိုင်တိုင် သပိတ်စခန်းမှာ ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာတင် ဆိုင်တွေ ပြန်ဖွင့်နိုင်ခဲ့ပြီး ကုန်ပစ္စည်းတွေ ပြန်ဖြည့်နိုင်ခဲ့သလို သပိတ်မှောက်မှုကို အဆုံးသတ်နိုင်ခဲ့တာပါ။

ဒါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်က အဖြစ်အပျက်ဆိုပေမဲ့ အလုပ်သမားပေါင်း ၂၅,၀၀၀ က ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲအောင် တိုက်ပွဲဝင်နိုင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

(လက်ရှိအချိန်မှာလည်း Market Basket ဒါရိုက်တာအဖွဲ့က အာသာတီကို CEO အဖြစ်ကနေ ထုတ်ပယ်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဒီလာဝဲလ်တရားရုံးကလည်း ဘုတ်အဖွဲ့ဘက်ကို အနိုင်ပေးထားပါတယ်)

Ref: Arthur T. Demoulas

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top