အင်တာဗျူးသွားဖြေတဲ့လမ်းမှာ ရဲဖမ်းခံရပေမဲ့ ရဲထံက အကူအညီပြန်ရလိုက်တဲ့ အမျိုးသား

po1.jpg

အီလီနွိုက်စ်ပြည်နယ်မှ အမျိုးသားတစ်ဦးကတော့ အလုပ်အင်တာဗျူးသွားဖြေတဲ့လမ်းမှာ ရဲဖမ်းခံရတာ ကံကောင်းသွားတယ်လို့တောင် တွေးနေပါတယ်။ အကြောင်းရင်းကတော့ ဒဏ်ကြေးမဆောင်ရတဲ့အပြင် သွားလျှောက်တဲ့အလုပ်ပါ အဆင်ပြေသွားလို့ ဖြစ်ပါတယ်။

ကာရွှမ်း ဘော့ဒ်ဝင်း (Ka’ Shawn Baldwin) လို့ခေါ်တဲ့ အမျိုးသားက ကားနံပါတ်ပြား သက်တမ်းမတိုးဘဲ မောင်းနှင်သွားလာနေတာကြောင့် လမ်းမှာတင် ရဲဖမ်းခံလိုက်ရပါတယ်။ လိုင်စင်ကလည်း ဆိုင်းငံ့ဖြစ်တဲ့အပြင် သူများကားကို ငှားမောင်းလာတာပါ မိသွားခဲ့ပါတယ်။ အလုပ်အင်တာဗျူးအတွက် သွားရမယ့်လမ်းကြောင်းက တစ်လမ်းတည်းဖြစ်လို့ အခြားလမ်းက ပတ်မောင်းပြေးလို့လည်း မလွတ်တော့ဘူးလို့ ဆိုပါတယ်။

“ရဲက ကားကို လှမ်းတားတဲ့အချိန်သွားပြီလို့ ကျွန်တော် တွေးလိုက်တယ်။ ကျွန်တော့် ခေါင်းထဲမှာ တွေးနေတာက ငါတော့ အင်တာဗျူးလွတ်ပြီး သူများကားကို ရဲလက်ထဲ အပ်ရတော့မယ် ဆိုတာပါပဲ” လို့ ဘော့ဒ်ဝင်းက ဆိုပါတယ်။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဒဏ်ကြေးမဆောင်ရတဲ့အပြင် ရဲအရာရှိ ရော်ဂျာ ဂီမိုးလ်စ် (Roger Gemoules) ထံမှ အကူအညီတောင် ရလိုက်ပါသေးတယ်။ ရော်ဂျာက အထက်တန်းကျောင်းတစ်ဝိုက်မှာ လှည့်ကင်းစောင့်နေရတဲ့ရဲ ဖြစ်ပြီး နွေရာသီကျောင်းပိတ်ထားချိန် ဖြစ်တာကြောင့် ကားတွေကို ရှောင်တခင် စစ်ဆေးရေး ဝင်နေတာ ဖြစ်ပါတယ်။

ဘော့ဒ်ဝင်းကို ဖမ်းတဲ့အချိန်မှာတော့ အကြောင်းအရင်းမှန်ကို သိသွားတဲ့ရော်ဂျာက ဖမ်းမယ့်ကားကို လုံခြုံတဲ့နေရာမှာ ထားခဲ့ပြီး သူကိုယ်တိုင် အင်တာဗျူးဖြေမယ့် နေရာထိရောက်အောင် လိုက်ပို့ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဘော့ဒ်ဝင်းတစ်ယောက် မိနစ်အနည်းငယ် နောက်ကျပေမဲ့ အင်တာဗျူးအောင်ပြီး အလုပ်ပါ တစ်ခါတည်း ရသွားခဲ့ပါတယ်။

ဒဏ်ကြေးမဆောင်ရတဲ့အပြင် အကျိုးဆောင်ပါ လုပ်ပေးခဲ့တဲ့ ရဲသားကြီးကို ဘော့ဒ်ဝင်းတစ်ယောက် ကျေးဇူးအကြိမ်ကြိမ် တင်မိသလို အလုပ်ကနေ လစာရရင်တော့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးဖို့ ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အလုပ်သွား အလုပ်ပြန် ဘတ်စ်ကားနဲ့ပဲ နှစ်ပါးသွားရမှာပါ။

Ref: CNN “Man gets pulled over on his way to a job interview, but the officer gave him a ride instead of a ticket”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top