လူသေဆုံးခဲ့တဲ့ ထရာဗစ်စကော့ရဲ့ဖျော်ဖြေပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိုမာဖြစ်သွားခဲ့တဲ့ ၉ နှစ် သားလေး

11-10-2021yyl1.jpg

နိုဝင်ဘာ ၅ ရက်နေ့က Astroworld Festival မှာ ရက်ပါအဆိုတော် ထရားဗစ်စကော့ ဖျော်ဖြေနေစဉ် စင်မြင့်ရှိရာဆီ လူအုပ်ကြီးအတွင်းမှာ ပရိသတ်တွေ တိုးဝှေ့ရင်း လူနင်းခံရမှုဖြစ်ပွားခဲ့ပြီး လူ (၈) ဉီး သေဆုံးခဲ့သလို လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ သေဆုံးခဲ့တဲ့ လူတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ အသက် (၉) နှစ်အရွယ် အီဇရာ ဘီလော့တ် (Ezra Blount) ဆိုတဲ့ ကောင်လေးကတော့ ကိုမာဖြစ်သွားခဲ့ပြီး အသက်လုနေရပါတယ်။

အခုဆိုရင် အီဇရာရဲ့မိသားစုက ဖျော်ဖြေပွဲစီစဉ်သူတွေ၊ ဖျော်ဖြေရေးသမားတွေနဲ့ ပွဲကျင်းပရာနေရာစီမံသူတွေကို တရားစွဲဆိုနေပါတယ်။ ဟူစတန်မြို့က NRG ပန်းခြံမှာ ကျင်းပတဲ့ ဖျော်ဖြေပွဲကို အီဇရာက သူ့ရဲ့ဖခင်နဲ့အတူ သွားရောက်ခဲ့တာပါ။ လူအုပ်ကြီး ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ အီဇရာက သူ့အဖေရဲ့ပခုံးပေါ်မှာ ရှိနေခဲ့ပါတယ်။ အဲဒီနောက် အီဇရာက သူ့ဖခင်နဲ့ လူကွဲသွားခဲ့ပါတယ်။ အီဇရာဟာ အဓိကအင်္ဂါအစိတ်အပိုင်းပျက်စီးပြီး ပြင်းထန်တဲ့ဉီးနှောက်ရောင်ရမ်းမှုကို ခံစားရင်း ကိုမာဖြစ်သွားခဲ့ပါတယ်။ သူတို့ဆေးရုံရောက်သွားတော့ အီဇရာကို ကိုမာအနေအထားနဲ့ တွေ့ခဲ့ရတာပါလို့ သူ့ရဲ့အဘိုးအဘွားတွေက ဆိုပါတယ်။

“မြေးလေးက အပြစ်ကင်းတဲ့ကလေးတစ်ယောက်ပါ။ သူ ဒီလိုဖြစ်ဖို့ မထိုက်တန်ဘူး။ သူ့ရဲ့အကြိုက်ဆုံးအနုပညာရှင်တွေထဲက တစ်ယောက်ကို မြင်တွေ့ချင်တဲ့အတွက် မြို့ကို လာခဲ့ရုံပါပဲ။ သူ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ဘယ်သူမှမသိဘဲ ဆေးရုံကို ရောက်သွားခဲ့တယ်။ ဒါက ရင်ကွဲမတတ်ပါပဲ”လို့ အီဇရာရဲ့အဘိုး ဘာနွန် ဘီလော့တ် (Bernon Belount) က ပြောပါတယ်။

ဟူစတန်ရဲတပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေရဲ့အဆိုအရ ထရာဗစ်စကော့ စင်ပေါ်ရောက်လာပြီး အဲဒီနောက် ဒရိတ် (Drake) ပါ ပေါ်လာတဲ့အချိန်မှာ ထောင်နဲ့ချီတဲ့ လူတွေက စင်မြင့်ရှိရာဆီ အန္တရာယ်ရှိစွာ ပြေးသွားခဲ့ကြတယ်။ ဖျော်ဖြေပွဲလာရောက်သူတွေက တစ်ယောက်ကို တစ်ယောက် အချင်းချင်း ဘေးကိုတွန်းချတယ်၊ မြေကြီးပေါ်တွန်းချပြီး အခြားသူတွေကို နင်းမိခဲ့တယ်။ တက်ကြိတ်မိခဲ့တယ် လို့ သိရပါတယ်။

အီဇရာရဲ့အဖေ ထရီစတန် ဘီလော့တ် (Treston Blount) ကလည်း အခြားသူတွေက သူ့ကို တိုးကြိတ်လာခဲ့ပြီး အသက်ရှုလို့မရခဲ့ဘူး။ အဲဒီနောက်မှာ သတိလစ်ပြီး လဲကျသွားခဲ့တယ်။ သူ့သားအီဇရာကလည်း သူနဲ့အတူ လဲကျသွားခဲ့ပြီး လူအုပ်ထဲမှာ အခြားသူတွေ တတ်နင်းတာကို ခံခဲ့ရတယ်လို့ GoFundMe မှာ ပြောခဲ့ပါတယ်။ အီဇရာရဲ့မိသားစုဝင်တွေက အီဇရာပြန်လည်ကောင်းမွန်လာဖို့ သူတို့စောင့်ဆိုင်းနေရတဲ့အတွက် ဒီအဖြစ်အပျက်ဆိုးအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲလို့ မေးခွန်းထုတ်လို့နေပါတယ်။

အွန်လိုင်းထုတ်ပြန်ချက်တစ်ခုမှာ ဟူစတန်ရဲအရာရှိ ထရိုင် ဖိုင်နာ (Troy Finner) က ဖျော်ဖြေပွဲမတိုင်ခင် ဘေးကင်းလုံခြုံရေးအတွက် ထရာဗစ်စကော့နဲ့ လုံခြုံရေးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဖိုင်နာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး ဝမ်းနည်းပူဆွေးနေတဲ့ မိသားစုတွေကို သနားညှာတာထောက်ထားပေးကြဖို့ လူမှု့အသိုက်အဝိုင်းကို တိုက်တွန်းထားပါတယ်။

ဖျော်ဖြေပွဲပြီးတဲ့နောက်မှာ ထရာဗစ်က တွစ်တာမှာ ဒီကြေကွဲစရာဖြစ်ရပ်အတွက် ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ “မနေ့ညက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် ကျွန်တော် လုံးဝကို ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ Astroworld ပွဲတော်မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့မိသားစုတွေနဲ့ အကုန်လုံးအတွက် ဆုတောင်းပေးနေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ဈာပနစရိတ်တွေကို ကုန်ကျခံပေးမည်ဖြစ်ပြီး ဒီအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့သူတစ်ဉီးချင်းကို နောက်ထပ်အကူအညီတွေပေးသွားမယ်အပြင် Astroworld ဖျော်ဖြေပွဲလာရောက်သူတွေနဲ့ လက်မှတ်ကိုင်ဆောင်ထားသူတွေအားလုံးကို ငွေပြန်အမ်းပေးသွားမယ်လို့ ထရာဗစ်စကော့က ကြေညာပြောဆိုခဲ့ပါတယ်။ သူဟာ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ထရာဗစ်စကော့ နဲ့ ဧည့်သည်အဆိုတော်အဖြစ် ပါဝင်ပေးခဲ့တဲ့ ဒရိတ်တို့က တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ထရာဗစ်နဲ့ သူ့ရဲ့ရှေ့နေတွေကတော့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားလာခြင်းတော့မရှိသေးပါဘူး။

Ref: ABCNews “Astroworld tragedy leaves 9-year-old with major organ damage, brain swelling: Family”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top