(၁) ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အရင်ဦးစွာ အရိုအသေပေး၊ အလေးအမြတ်ပြုကြတဲ့ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များရဲ့ အစဉ်အလာ ဘုရားရှိခိုးကန်တော့ချိုးမှာ ”ရိုသေ၊ မြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့၊ ကန်တော့ပါ၏” လို့ ပါဝင်ပါတယ်။
သြကာသကန်တော့ချိုးမှာ ”ပူဇော်ခြင်း”နဲ့ပတ်သက်တာပါဝင်သလို အာစရိယပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဂုဏ်ပြုပူဇော်ပွဲ၊ ဂုဏပူဇာ၊ ဓမ္မပူဇာ၊ ပဋ္ဌာန်းကျမ်းမြတ် ပူဇော်ရွတ်ဖတ်ခြင်း၊ ပန်း, ဆီမီး,နံ့သာ ကပ်လှူပူဇော်ခြင်း . . .စတဲ့ ပူဇော်ခြင်းဓလေ့၊ ပူဇော်ခြင်းအမှုတွေဟာလည်း ဗုဒ္ဓဘာသာလူမှုဝန်းကျင်၊ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်နဲ့ ပြည့်စုံကြသူများကို ရိုသေမြတ်နိုး ရှိခိုးတတ်သလို ကိုယ့်အပေါ် ကျေးဇူးရှိသူ အမိအဖ၊ ဆရာသမားများရဲ့ ကျေးဇူးဂုဏ်ကို အလေးအမြတ် သိတတ်အပ်တဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် ”ပူဇော်ခြင်းဓလေ့”ဟာ သိပ်ပြီးတော့ အရေးပါ,ပါတယ်။
လောကလူသားတွေအနေနဲ့ မိမိတို့ရဲ့ဘဝမှာ အလေးအမြတ်ပြု ထိုက်သူကို အလေးအမြတ်ပြု ပူဇော်ဖို့အရေးကြီးတာကြောင့်-
”ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သော မင်္ဂလာမည်၏” လို့
မင်္ဂလသုတ္တန်မှာ ဗုဒ္ဓမြတ်စွာက ဟောကြားထားတာပါ။
ကျွန်တော်တို့တွေဟာ လူရယ်လို့ဖြစ်လာရင် မကြီးပွားချင်၊ မတိုးတက်ချင်သူရယ်လို့တော့ မရှိပါဘူး။ လောကလူ့ဘောင်မှာ တိုးတက်ကြီးပွားချင်တယ်ဆိုရင် တိုးတက်ရာတိုးတက်ကြောင်း နည်း လမ်းကောင်းတွေကို ကျင့်ဆောင်ဖို့လိုအပ်ပါတယ်။ ဒီလို ကျင့်ဆောင် ကြိုးစားကြတဲ့နေရာမှာ မှတ်သားနားလည်ထားဖို့က ကျွန်တော်တို့တွေ ပညာသင်ရွယ် လူငယ်ဘဝကစပြီး ကျင်လည်ရာ ဘဝခရီးတစ်လျှောက် ဆည်းကပ်ထိုက်၊ ပူဇော်ထိုက်သူတွေကို ရိုသေလေးမြတ် ပူဇော်တတ်တာဟာလည်း အောင်မြင်ကြောင်းမင်္ဂလာတစ်ပါးဖြစ်တယ် ဆိုတာပါ။
(၂) မင်္ဂလသုတ္တန်၊ ဂါထာ(၁)မှာ တတိယမြောက်မင်္ဂလာအဖြစ် ပါဝင်ဟောကြားထားတဲ့ ”ပူဇာ စ ပူဇေနေယျာနမင်္ဂလာ”နဲ့ပတ်သက် လို့ ”ပူဇော်ခြင်း”ရဲ့ အဓိပ္ပာယ်ကို အရင်ဆုံးပြောပြလိုပါတယ်။ ”ပူဇော်ခြင်း”ဟာ ”ပူဇာ”ဆိုတဲ့ပါဠိစကားကလာပြီး ”ပူဇာဆိုသည်မှာ ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုးခြင်း၊ ရှိခိုးခြင်းတည်းဟု အဋ္ဌကထာ ဖွင့်၏”လို့ ကျေးဇူးတော်ရှင်သပြေကန် ဆရာတော်ကြီးက အဓိပ္ပာယ်ဖွင့်ပြခဲ့ပါတယ်။
ဒီလိုဆိုတော့ ပူဇော်တယ်ဆိုတာဟာ ရတနာသုံးပါးအစရှိတဲ့ ကိုယ်အလေးအမြတ်ပြုအပ်သူများအပေါ်မှာ ရိုရိုသေသေ၊ မွန်မွန်မြတ် မြတ်၊ လေးလေးစားစားနဲ့ စိတ်ထဲကနေ တန်ဖိုးထားမြတ်နိုးတဲ့သ ဘောဖြစ်ပါတယ်။ အောက်စဖို့ဒ်ဆရာတော်ရဲ့စကားနဲ့ပြောရရင် ပူဇော်တာဟာ admire လုပ်တာ၊ promote လုပ်တာ၊ appreciate လုပ်တာပါပဲ။ ဒီသဘောကိုပဲ ”ပူဇော်ခြင်းသည် လက်အုပ်ချီမိုး ရှိခိုးပူဇော်ခြင်း၊ အရိုအသေပြုလျက် ပူဇော်ခြင်း၊ ဂုဏ်ကျေးဇူးကို ချီးကျူး ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်း၊ ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်းစသည်ဖြင့် များလှ၏”လို့ ချမ်းမြေ့ဆရာတော်ကြီးက ”ချမ်းမြေ့မင်္ဂလာ သင်စရာ”စာအုပ်မှာ ရှင်းပြထားတာပါ။
ဒီနေရာမှာ ရိုခိုးကော်ရော် ပူဇော်ထိုက်သူကို ပူဇော်ရမယ်ဆိုတဲ့ အမှုကိစ္စဟာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များအတွက် ဘယ်လောက်ထိ အလေးဂရုပြုအပ်တဲ့အရာလဲ မေးလာခဲ့ရင်တော့ သုံးလောက ထွတ်ထား မြတ်ဘုရားကိုယ်တော်တိုင် ပူဇော်ခြင်းအမှုကို မပစ်ပယ်ခဲ့ဘူးလို့ဆိုရမှာပါပဲ။ သံယုတ္တနိကာယ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိမှာ ဂါရဝသုတ်ဆိုတာရှိပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ဘုရားအဖြစ်ကိုရောက်ရှိပြီးတဲ့နောက် မကြာခင်မှာ စဉ်းစားမိတဲ့အရာတစ်ခုရှိတဲ့အကြောင်း ဂါရဝသုတ်ကဆိုပါတယ်။ သဗ္ဗညုတဉာဏ်ကိုရပြီး မကြာခင်မှာပဲ ”လောကမှာ ရိုသေစရာမရှိ ဘဲ၊ ကျိုးနွံစရာ၊ အမှီပြုစရာမရှိဘဲနေရတာဟာ ဆင်းရဲတယ်”လို့ ဗုဒ္ဓမြတ်စွာက စဉ်းစားမိပြီး ဘယ်လိုပညာရှိ၊ သူတော်ကောင်းတွေ ကို အရိုအသေ၊ အလေးအမြတ်ပြုနေရမလဲဆိုတာ ဆင်ခြင်တော်မူ ပါတယ်။
ဒါပေမဲ့ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေအားလုံးထဲမှာ သူ့ ထက်သာပြီး ရိုသေစရာ၊ လေးမြတ်စရာကောင်းတဲ့ပုဂ္ဂိုလ်၊ သူကိုးကွယ်ဆည်းကပ်ရမယ့်ပုဂ္ဂိုလ်ကို ဗုဒ္ဓမြတ်စွာအနေနဲ့ ရှာမတွေ့ခဲ့ပါဘူး။ လောကသုံးပါးထဲမှာ သူ့ထက်သာသူကို ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ ရှာမတွေ့တဲ့အချိန်ကျမှ ”ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ အလေးအမြတ်ပြု နေရမယ့်သူ မရှိဘူးဆိုရင်တော့ ငါကိုယ်တိုင် ကျင့်ကြံထိုးထွင်းပြီး သိထားတဲ့ တရားဓမ္မတွေကိုပဲ အလေးအမြတ်ပြု၊ အရိုအသေပြုပြီး နေတော့မယ်”လို့ ဘုရားရှင်က ကြံစည်ဆုံးဖြတ်တော်မူခဲ့တာပါ။ လောကမှာ အတူမရှိ၊ အတုမရှိတဲ့ မြတ်စွာဘုရားရှင်တောင် အရိုအသေ၊ အလေးအမြတ်ပြုအပ်တဲ့အမှု၊ တစ်နည်းအားဖြင့် ပူဇာစ ပူဇနေယျာနမင်္ဂလာကို မပစ်ပယ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့အတွက်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။
(၃) ”ပူဇော်ထိုက်သူကို ပူဇော်ရမယ်”ဆိုတဲ့ မင်္ဂလသုတ်လာ လမ်းညွှန်ချက်အရ ပူဇော်ထိုက်သူတွေဟာ ရတနာမြတ်သုံးပါးနဲ့ မိဘ၊ ဆရာသမားတွေဖြစ်ကြတယ်ဆိုတာ သိကြပြီးသားပါ။ဗုဒ္ဓဘုရားရှင်ဟာ လောကကြီး ငြိမ်းချမ်းစေမယ့်အကြောင်းတရား၊ လောကလူသားတွေ ချမ်းသာသုခရစေနိုင်မယ့်အကြောင်းတရား တွေကို မနေမနား ဆုံးမဟောကြားခဲ့တယ်။ တရားတော်ဆိုတာက ဘုရားရှင်ဟောကြားခဲ့တဲ့ ချမ်းသာနိုင်ကြောင်း နည်းလမ်းကောင်း တွေဖြစ်တယ်။ သံဃာတော်ဆိုတာကတော့ ဘုရားရှင်ဟောကြားခဲ့သမျှ တရားဓမ္မတွေကို ကိုယ်တိုင်ကျင့်ကြံသလို ဒကာ၊ ဒကာမတွေ ကျင့်ကြံနိုင်အောင် ဟောကြားဆုံးမနေကြသူတွေပါ။ ဒီလိုကျေးဇူး တရား ကြီးမားများပြားလှတဲ့ ရတနာသုံးပါးဟာ ဗုဒ္ဓဘာသာဝင်များ အတွက် အလေးအမြတ်ပြု ပူဇော်ထိုက်သူတွေပဲ ဖြစ်ပါတယ်။
ကိုယ့်ကို လောကကြီးထဲ လာခွင့်ပေးပြီး ကျွေးမွေးစောင့်ရှောက်ခဲ့သူ မိဘများနဲ့ အသိပညာ၊ အတတ်ပညာတွေ တတ်သိနားလည် အောင် သင်ကြားပေးသူ ဆရာသမားတွေဟာလည်း ပူဇော်ထိုက်သူ တွေ ဖြစ်ပါတယ်။ အနန္တောအနန္တငါးပါးအပြင် ကိုယ်ငယ်ရွယ်စဉ်အချိန်တုန်းက ကိုယ့်အပေါ် ပြုစုစောင့်ရှောက်ခဲ့တဲ့ အစ်ကို၊ အစ်မ၊ ဦးကြီး၊ ဦးလေးစတဲ့ ကျေးဇူးဂုဏ်ရှိသူ၊ အသက်အရွယ်အားဖြင့်၊ ဂုဏ်အားဖြင့် ကြီးမြတ်သူတွေဟာလည်း ပူဇော်ထိုက်သူစာရင်းထဲမှာ ပါဝင်ပါတယ်။ ဒီမင်္ဂလာတရားတော်မှာ ပူဇော်ထိုက်သူတွေကို လူငယ်မောင်မယ် များ အလွယ်တကူသိရှိနိုင်ဖို့အတွက်-
”သုံးပါးရတနာ၊ မြတ်ဆရာတည့်၊ နှစ်ဖြာမိဘ၊ ဘိုးဘွားမှလျှင်၊ စ၍ဆွေသား၊ ကြီးသူများနှင့်၊ လင်သားအထိ၊ မေတ္တာရှိ၍၊ မိမိကိုယ် ပင်၊ သွန်သင်ဆုံးမ၊ စောင့်ရှောက်ကြသဖြင့်၊ ကိုယ်ကတစ်ဖန်၊ ပူဇော်ရန်၊ ဧကန်ထိုက်ပေသည်”လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီးက အခြေပြုမင်္ဂလသုတ်ကျမ်းစာမှာ လမ်းညွှန်ထား ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမ မင်္ဂလာတရားတော်အတိုင်း ရတနာ သုံးပါး၊ ဘိုးဘွားမိဘ၊ ခင်ပွန်းကြီးဆယ်ပါး အစရှိတဲ့ ပူဇော်ထိုက်သူ များကို မမေ့မလျော့ ပူဇော်ကန်တော့ကြသူတွေဟာ အသက်ရှည် ခြင်း၊ အဆင်းလှခြင်း၊ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၊ ခွန်အားဗလ ကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်းဆိုတဲ့အကျိုးတရားတွေနဲ့အတူ ဖြစ်လေရာဘဝမှာ အထက်တန်းစားပုဂ္ဂိုလ်တွေ ဖြစ်ကြရတယ်လို့ ဆိုပါတယ်။
တကယ့်လက်တွေ့လူမှုဘဝနဲ့ နှိုင်းချိန်ပြီး ပြောမယ်ဆိုရင်လည်း ကိုယ်ကျင့်သီလကောင်းမြတ်သူတွေကို ကိုးကွယ်ဆည်းကပ်ရင် သူတို့ဆီက သူတော်ကောင်းဓာတ် အကျင့်မြတ်တွေ ကူးစက်လာနိုင်တယ်၊ အသိပညာ၊ အတတ်ပညာအရာမှာ ကိုယ့်ထက်သာလွန်သူတွေကို ဆရာတင်ထားရင် သူတို့ဆီက အသိပညာ၊ ဗဟုသုတတွေ ရလာနိုင်မယ်ဆိုတာ သိသာနေတာပါပဲ။ အရင်ဆုံးတော့ ကိုယ့်ဘက်က သိတတ်ရိုသေမှုနဲ့ လူကြီးမိဘတွေ ကို ပူဇော်ကန်တော့လိုက်ပြီဆိုတာနဲ့ လူကြီးမိဘတွေဆီက စေတနာ၊ မေတ္တာဓာတ်တွေ ထင်ဟပ်လာမှာ သေချာပါတယ်။
(၄) ”ပူဇာ စ ပူဇနေယျာန မင်္ဂလာ”နဲ့ပတ်သက်လို့ အရေးကြီးတဲ့ တစ်ချက်က ဗုဒ္ဓဘုရားရှင်ဟာ ”ပူဇော်ထိုက်သူကို ပူဇော်ရမယ်”လို့ပဲ လမ်းညွှန်ခဲ့တာ သတိပြုမိဖို့ပါ။ဒီအဓိပ္ပာယ်ကို တစ်မျိုးကောက်ယူကြည့်လိုက်ရင် မပူဇော်ထိုက်၊ မဆည်းကပ်ထိုက်သူတွေကိုတော့ ကိုးကွယ်ဆည်းကပ်စရာ မလိုဘူးလို့ ဆိုလိုတဲ့သဘောဖြစ်ပါတယ်။ အသိပညာ၊ အတွေ့အကြုံ နုနယ်သေးတဲ့ ကလေးဘဝမှာ အပေါင်းအသင်းပတ်ဝန်းကျင်ဟာ သိပ်ပြီးအရေးကြီးပါတယ်။ ဒါ ကြောင့် မင်္ဂလသုတ္တန်အစမှာ လူမိုက်ကို ရှောင်ပြီး လူလိမ္မာကို ရှာပေါင်းဖို့ ဦးဦးဖျားဖျား ဟောကြားထားသလိုမျိုး တန်ဖိုးထား မြတ်နိုးရမယ့်သူ၊ ကိုးကွယ်ဆည်းကပ်၊ ပူဇော်ရမယ့်သူ ရှာဖွေရာမှာ လည်း အင်္ဂုလိမာလနဲ့ အဇာတသတ်တို့လို ဆရာတင်မမှားဖို့ အရေး ကြီးပါတယ်။
လောကထဲမှာ ပူဇော်ခြင်းငှာ မထိုက်တန်သူတွေကို ပူဇော်ကိုးကွယ်နေရုံနဲ့ အကျိုးမရှိနိုင်တဲ့အကြောင်းကို ၅၅ဝ ဇာတ်နိပါတ်၊ နင်္ဂုဋ္ဌဇာတ်မှာလည်း ဟောကြာထားပြီးသားပါ။ (နင်္ဂုဋ္ဌဆိုတာ နွားရဲ့ အမြီးကို ခေါ်ဆိုတာဖြစ်ပါတယ်)။ တစ်ခုသောဘဝမှာ ဘုရားလောင်းဟာ ပုဏ္ဏားမျိုးမှာ လူသွားဖြစ်တယ်။ ဘုရားလောင်းပုဏ္ဏားငယ် မွေးပြီဆိုတဲ့အချိန်ကစပြီး သူတို့ရဲ့ ထုံးတမ်းစဉ်လာအရ မိဘဖြစ်သူတွေက မီးပျိုးပြီး မီးဖိုပေး လိုက်တယ်။ အဲဒီတုန်းက ပုဏ္ဏားတွေရဲ့ အယူဝါဒအရ မီးကို ပြုစုလုပ်ကျွေး၊ ပူဇော်တာဟာ ကောင်းမြတ်တဲ့အကျင့်တစ်ခုဖြစ်တယ် လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ဘုရားလောင်းမွေးဖွားချိန်ကနေ အသက် ၁၆ နှစ်အရွယ်ထိ သူတို့သားအတွက်ဆိုပြီး မီးဖိုတစ်ခုလုပ်၊ လုံးဝမငြိမ်းအောင် လောင်စာနဲ့ မီးဆက်ပေးခဲ့တာဖြစ်ပါတယ်။
ဘုရားလောင်းပုဏ္ဏားငယ်အနေနဲ့ သူ့ဘဝခရီးလမ်းအတွက် ကိုယ်တိုင်ရွေးချယ်ရမယ့် ၁၆ နှစ်အရွယ်ကို ရောက်လာခဲ့ပြီဆိုပါစို့။ အဲဒီအချိန်မှာ သူ့မိဘတွေက ”ချစ်သား၊ မင်းအနေနဲ့ လောကီ လူ့ဘောင်ထဲမှာနေပြီး အိမ်ထောင်သားမွေး လုပ်မယ်ဆိုရင် ဒီမီးကို ဆက်ပြီး လုပ်ကျွေးနေစရာမလိုတော့ဘူး။ မီးဖိုကို ငြှိမ်းသတ်လိုက် လို့ရပါပြီ။ ဒီလိုမှမဟုတ်ဘဲ ကောင်းမြတ်တဲ့အကျင့်နဲ့ဆက်ပြီးနေမယ်ဆိုရင် တော့ ဒီမီးကိုပဲ အသက်ထက်ဆုံးလုပ်ကျွေးပူဇော်ရင်းနဲ့ ဗြဟ္မပြည် သွားရာ ခရီးလမ်းကို လျှောက်လှမ်းပါတော့”လို့ ပြောပါတော့တယ်။ နေက္ခမ္မဓာတ်ပါလာတဲ့ ဘုရားလောင်းဟာ မီးကိုအသက်ထက်ဆုံးပူဇော်တဲ့လမ်းကိုပဲ ရွေးပြီး တောထွက်လာခဲ့တယ်။
မီးကို မငြိမ်းအောင် မီးစာကောင်းကောင်း၊ လောင်စာကောင်း ကောင်းတွေနဲ့ တစ်လျှောက်လုံး လုပ်ကျွေးပူဇော်လာတဲ့ ဘုရားလောင်းပုဏ္ဏားဟာ တစ်နေ့မှာ နွားတစ်ကောင်ကို အလှူခံရရှိလာ တယ်။ အဲဒါနဲ့ သူ အမြတ်တနိုး၊ ရှိခိုးနေတဲ့ မီးကို နွားသားနဲ့ ပူဇော်မယ်ဆိုတဲ့စိတ်ဖြစ်လာတယ်။ နွားသားနဲ့ပူဇော်ရာမှာလည်း ဆား လေးရရင် ပိုကောင်းမယ်လို့တွေးမိပြီး နွားကို မီးဖိုနားမှာ ခဏထား ခဲ့၊ ရွာထဲကို ဆားသွားရှာပါတယ်။ ဒါပေမဲ့ ဘုရားလောင်းပုဏ္ဏား ဆားသွားရှာနေတုန်းမှာပဲ တောလိုက်မုဆိုးတွေက နွားကိုတွေ့လို့ သတ်ဖြတ်ခုတ်ထစ် ယူသွားလိုက်ကြ တာ မီးဖိုနားမှာ နွားအမြီးပဲ ကျန်ပါတော့တယ်။
အဲဒီအချိန်ကျမှ မီးဖိုနားကိုပြန်ရောက်လာတဲ့ ပုဏ္ဏားဟာ ”အော် ငါအသက်ထက်ဆုံး အမြတ်တနိုး ကိုးကွယ်လုပ်ကျွေးလာတဲ့ မီးဟာ သူ့ကို ကျွေးမယ့်အစာကိုတောင် မစောင့်ရှောက်နိုင်ပါလား။ သူ့အတွက် ရည်စူးထားတဲ့ ဒီနွားကိုတောင် မစောင့်ရှောက်နိုင်ရင် ငါ့ကို ဘယ်လို လုပ်စောင့်ရှောက်နိုင်ပါ့မလဲ။ ဒီမီးကို ဆက်ပြီးပူဇော်နေရင်လည်း ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး”လို့ သဘောပေါက်ပြီး မီးပူဇော်ခြင်းအမှုကို စွန့်ပစ်လိုက်ပါတော့တယ်။ ကျွန်တော်တို့တွေဟာ အယူဝါဒတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးကို အလေး အမြတ်ပြု ကိုးကွယ်တဲ့နေရာမှာ မပူဇော်သင့်၊ မပူဇော်ထိုက်တာကို မပူဇော်၊ မဆည်းကပ်မိအောင် ရှောင်ကြဉ်ဖို့လည်း လိုအပ်သေးတယ်ဆိုတာ နင်္ဂုဋ္ဌဇာတ်တော်က ပြသနေတာပဲဖြစ်ပါတယ်။
(၅) ပူဇော်တယ်ဆိုတဲ့နေရာမှာ အာမိသပူဇာနဲ့ ဓမ္မပူဇာဆိုပြီး ပူဇော်ခြင်းနှစ်မျိုးရှိပါတယ်။ (ဓမ္မပူဇာကို ပဋိပတ္တိပူဇာလို့လည်း ခေါ်ပါတယ်။) အာမိသပူဇာဟာ ပစ္စည်း၊ ဝတ္ထုနဲ့ပူဇော်ခြင်းဖြစ်ပြီး ဓမ္မပူဇာဆိုတာကတော့ တရားနဲ့ပူဇော်ခြင်း၊ အကျင့်မြတ်နဲ့ ပူဇော်ခြင်းပါ။ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ လူကြီးမိဘတွေကို ပူဇော်ကန်တော့ကြတဲ့နေရာမှာ ကိုယ်တတ်နိုင်တဲ့ ပစ္စည်း၊ လာဘ်လာဘ၊ အာမိသပူဇာနဲ့ ပူဇော်ရုံနဲ့တင် မလုံလောက်သေးပါ ဘူး။ လူကြီးမိဘတွေရဲ့ သွန်သင်ဆုံးမမှုကိုလိုက်နာခြင်း၊ ဗုဒ္ဓဘုရား ရှင်ဟောကြားထားတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများကို လိုက်နာ ကျင့်ဆောင်ခြင်းဆိုတဲ့ ဓမ္မပူဇာနဲ့ ပူဇော်နိုင်ဖို့လည်း အထူးလိုအပ်ပါ တယ်။
ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အာမိသပူဇာထက် ဓမ္မပူဇာနဲ့ ပူဇော်တာကို ပိုပြီးတော့ ဝမ်းမြောက်နုမော် သာဓုခေါ်တယ်ဆိုတဲ့ သာဓကဇာတ်ကြောင်းတွေ ရှိပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ခါနီး လေးလလောက်အလိုက ဖြစ်ပါ တယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုတော့မယ်ဆိုတဲ့သတင်းကြောင့် ပုထုဇဉ် ရဟန်းတချို့ ငိုကြွေးပူဆွေးကြသလို တချို့ရဟန်းတွေကလည်း ဘုရားရှင်အပေါ် တတ်နိုင်သမျှ တာဝန်ကျေကြဖို့ ဝေယျာဝစ္စကိစ္စတွေ အားတက်သရောလုပ်ပေးကြပါတယ်။
ရဟန်းတော်အများစုဟာ ဘုရားရှင်အနီးမှာ အရိုအသေပေး၊ ပြုစုလုပ်ကျွေးကြပေမယ့် အရှင်အတ္တဒတ္တ၊ အရှင်တိဿနဲ့ အရှင်ဓမ္မာ ရာမဆိုတဲ့ ရဟန်းတော်သုံးပါးကတော့ ဘုရားရှင်နဲ့ ခပ်ဝေးဝေးကို သွားပြီး တရားကျင့်ကြံနေကြတယ်။ သူတို့သုံးပါးရဲ့ ရည်ရွယ်ချက်က ဘုရားရှင်သက်တော်ထင်ရှား ရှိနေစဉ်အတွင်းမှာ ရဟန်းအလုပ်ဖြစ်တဲ့ ပဋိပတ်အကျင့်မြတ်၊ တရား အကျင့်နဲ့ ပူဇော်နိုင်လိုက်ဖို့ပါ။ ဒါကို သဘောမပေါက်တဲ့ တခြားရဟန်းတွေက အရှင်အတ္တဒတ္တတို့ သုံးပါးကို ကဲ့ရဲ့ပြစ်တင်ပြီး ဘုရားရှင်ကိုလျှောက်တင် ပါတယ်။
အဲဒီအချိန်မှာ ဗုဒ္ဓမြတ်စွာက အကြောင်းစုံကိုမေးမြန်းပြီး-
”ငါဘုရားကို အမွေးနံ့သာ၊ အာမိသာပူဇာနဲ့ ပူဇော်ရုံမျှနဲ့ ချစ်ရာ၊ မြတ်နိုးရာမရောက်၊ သူတော်ကောင်းတရား အကျင့်မြတ်ဖြစ်တဲ့ ဓမ္မပူဇာနဲ့ ပူဇော်မှသာ ငါဘုရားကို မြတ်နိုးရာရောက်တယ်” လို့ တရားကျင့်နေတဲ့ ရဟန်းတော်သုံးပါးကို ချီးကျူးတော်မူခဲ့ကြောင်း လေ့လာမှတ်သားရပါတယ်။ ပူဇော်ထိုက်သူကို ပူဇော်တာဟာ ကောင်းမြတ်ခြင်းမင်္ဂလာတစ်ပါးရယ်လို့ ခံယူရင်းနဲ့ ဗုဒ္ဓဘာသာဝင်များပီပီ ”ပူဇော်ခြင်းဓလေ့” မှာ မွေ့လျော်နိုင်ကြဖို့ပါပဲ ခင်ဗျာ။
မိုးအောင်လင်းနိုင် ( ရိုးရာလေး )