(၁) ”ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍
ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက် ဝမ်းနည်းဖွယ်”။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားစီရင်အပ်တဲ့ ”ရတနာ့ဂုဏ်ရည်ကျမ်းစာ”၊ ”ကံ၊ ဉာဏ်၊ ဝီရိယအဖွင့်”ပိုင်းမှာ ပါဝင်တဲ့ အထက်ပါဆောင်ပုဒ်လေးကို ဗုဒ္ဓဘာသာဝင်တော်တော်များများ ကြားဖူးပြီးသားပါ။ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကောင်းမှုကုသိုလ်၊ ပစ္စည်းဥစ္စာ၊ ကျန်းမာရေးကိစ္စ၊ အတတ်ပညာနဲ့ တန်ခိုးဂုဏ်သိန် (၅)မျိုးထဲက တစ်မျိုးမျိုးကို ကိုယ့်အတွက် ရအောင်၊ ကျန်အောင် စွမ်းဆောင်သင့်တယ်၊ တကယ်လို့ တစ်မျိုးမျိုးမှ ရရှိအောင် မစွမ်းနိုင်ဘဲ အချိန်ကုန်သွားရင်တော့ အဲဒီနေ့ဟာ အဲဒီလူအတွက် နှမျော ဝမ်းနည်းစရာကောင်းတယ်လို့ ဆရာတော်ကြီးက သတိပေး၊ ဆုံးမထားတာ ဖြစ်ပါတယ်။
လူတစ်ယောက်ကို အရွယ်သုံးပါးနဲ့ ပိုင်းခြားထားတဲ့ လောကနီတိအဆိုမှာတော့ ငယ်တုန်းရွယ်တုန်း ပထမအရွယ်မှာ ပညာရှာ၊ ကိုယ့်ပညာနဲ့ကိုယ် ရပ်တည်နိုင်လောက်တဲ့ ဒုတိယအရွယ် ရောက်တဲ့ အခါ ဥစ္စာရှာပြီး တစ်စတစ်စ အသက်အရွယ်ရလာချိန် တတိယ အရွယ်မှာ ကုသိုလ်ရှာဖို့ဆိုပြီး လမ်းညွှန်ထားတာ တွေ့ရမှာပါ။
ကျွန်တော်တို့တွေဟာ တတ်သိလိမ္မာ အတတ်ပညာကို ရချင်လို့ ပဲဖြစ်စေ၊ ပစ္စည်းဥစ္စာနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ဖို့ပဲဖြစ်စေ ကိုယ့်အတွက် ကောင်းကျိုးချမ်းသာအဖြာဖြာကို ရှာဖွေကြိုးပမ်းကြတဲ့နေရာမှာ လူမှန်နေရာမှန်ဖြစ်ဖို့ဆိုတာက သိပ်ပြီးအရေးကြီးပါတယ်။ ကိုယ့်ဘဝ ရည်မှန်းချက်အတွက် ကြိုးစားရုန်းကန်ကြတာချင်း အတူတူဆိုရင် ဘဝနဲ့အရပ် အပ်စပ်တဲ့နေရာမှာ ရွေးချယ်နေထိုင် တတ်သူက ကောင်းကျိုးချမ်းသာ ပိုဖြစ်စေတဲ့သဘောပါပဲ။
ဒီအချက်ကို မင်္ဂလသုတ္တန်၊ ဂါထာ(၂)အစမှာ ဗုဒ္ဓမြတ်စွာက-
”ပတိရူပ ဒေသဝါသော စ ဧတံ မင်္ဂလ မုတ္တမံ။
သင့်တင့်လျောက်ပတ်သော အရပ်၌နေရခြင်းသည် မြတ်သော မင်္ဂလာမည်၏”လို့ ဟောကြားထားတာ ဖြစ်ပါတယ်။
(၂) မင်္ဂလသုတ်လာ ”အသေဝနာစ ဗာလာနံ”ဂါထာအရ ဘဝမှာ မျိုးဆက်တစ်ခု၊ လူတစ်ယောက် ကောင်းခြင်း၊ဆိုးခြင်းဖြစ်ပေါ်စေဖို့ ရာဟာ အပေါင်းအသင်း၊ ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တယ်ဆို တာ ကျွန်တော်တို့တွေ ပြောခဲ့ကြပြီးပြီ။ အဲဒီလိုပဲ၊ လူတစ်ယောက်အတွက် သူရောက်နေတဲ့ နေရာအရပ်ဟာလည်း သူ့အနာဂတ် ကောင်းကျိုး၊ ဆိုးကျိုးကို အများကြီး သက်ရောက်စေပါတယ်။ ဒါကြောင့် ဘဝမှာ ကောင်းကျိုးချမ်းသာ မင်္ဂလာတွေနဲ့ ပြည့်စုံချင်သူတွေဟာ ကလေးငယ်ဘဝ၊ ပညာသင်ရွယ် လူငယ်ဘဝကတည်းကစလို့ သင့်တော်ကောင်းမြတ်တဲ့အရပ်မှာ နေထိုင်ခွင့်ရဖို့ လိုအပ်တာပါ။ ဒီလိုဆိုတော့ ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ ”သင့်တင့်လျောက် ပတ် ပဋိရူပအရပ်”ဟာ ဘယ်လိုနေရာတဲ့လဲ။
ဒီမေးခွန်းနဲ့ပတ်သက်လို့ လွယ်လွယ်ပြောရရင် ပဋိရူပဒေသဆိုတာ မိမိအသက်အရွယ်၊ အလုပ်အကိုင်နဲ့ ရည်မှန်းချက်ပန်းတိုင်ကို အထောက်အကူပြုပြီး ချမ်းသာကောင်းကျိုး ပွားတိုးစေနိုင်တဲ့ အရပ်ဒေသကို ခေါ်ဆိုတာပါပဲ။ ဥပမာအနေနဲ့ အသိပညာ၊ အတတ်ပညာတွေ လေ့လာဆည်းပူးရမယ့် ပထမအရွယ်မှာ စာသင်ကျောင်းကောင်း၊ သင်တန်းကောင်း၊ ပညာရေးအစီအမံကောင်းတွေ ရှိတဲ့နေရာဟာ ပဋိရူပဒေသ ဖြစ်ပါ တယ်။
ပညာတွေတတ်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတော့ မယ့်အချိန်မှာ အလုပ်လုပ်၊ စီးပွားရှာလို့ကောင်းတဲ့အရပ်ဟာ ပဋိရူပ ဒေသ ဖြစ်ပါတယ်။ အဲဒီလိုပဲ မိမိတို့အသက်အရွယ်၊ ရွေးချယ်မှုအရ ဗုဒ္ဓဘာသာ ဝင်တစ်ဦးအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ကိုင်ခွင့်ရတဲ့နေရာ၊ တရားဓမ္မ ကျင့်ကြံကြသူများအတွက် သာသနာအဆုံးအမ နည်းလမ်း ကောင်းတွေရှိနေတဲ့ဒေသဟာလည်း သင့်တင့်လျောက်ပတ်တဲ့ ပဋိရူပအရပ် ဖြစ်နေတာပါပဲ။
နောက်ပြီး ကိုယ်ကျင့်သီလ ဖြူစင်ကြတဲ့ လူလိမ္မာ ပညာရှိတွေ ပေါများတဲ့နေရာ၊ ကိုယ့်အပေါ် ချစ်မြတ်နိုးပြီး ကိုယ့်အကျိုးစီးပွားကို လိုလားသူ မိတ်ဆွေကောင်းများ ရှိရာနေရာ၊ ကျန်းမာရေးကိစ္စအဝဝအတွက် ဆရာကောင်း၊ သမားကောင်း၊ ဆေးခန်းဆေးရုံ ကောင်းတွေ ရှိတဲ့ဒေသတွေဟာလည်း နေသင့်နေအပ်တဲ့ ပဋိရူပ အရပ်တွေထဲမှာ ပါဝင်ပါတယ်။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဟောကြားတဲ့ ”ပဋိရူပ ဒေသဝါသော စ မင်္ဂလာ”တရားတော်မှာတော့-
”သူတော်ကောင်းသာ ရှိလေပါ၊ သင့်ရာဒေသခေါ်။
ကောင်းမှုဆယ်ဖြာ ဖြစ်ခွင့်သာ၊ သင့်ရာဒေသခေါ်။
ဗုဒ္ဓသာသနာ တည်ရှိပါ၊ သင့်ရာဒေသခေါ်။
ကုသိုလ်ဖြစ်ရန် လျော်ကန်သင့်မြတ် ထိုအရပ်၊ နေအပ်မင်္ဂလာ” ဆိုတဲ့ ဆောင်ပုဒ်လင်္ကာနဲ့ မိန့်ကြားခဲ့တာ မှတ်သားရပါတယ်။
(၃) လူတစ်ယောက် တိုးတက်ကြီးပွားဖို့အတွက် ဘယ်လိုအရပ်ဒေသ ဟာ ပဋိရူပအရပ်ဖြစ်ပြီး ဘယ်လိုနေရာအရပ်ဆိုရင် မနေအပ်ဘူးဆို တာ အလွယ်တကူသိရှိနိုင်ဖို့ နီတိစကားတစ်ခုရှိပါတယ်။ ”အကြင်အရပ်၌ မြတ်နိုးသူမရှိ၊ အသက်မွေးဝမ်းကျောင်း အလုပ်မရှိ၊ ဆွေမျိုး မိတ်ဆွေမရှိ၊ ပညာရခြင်းမရှိ၊ ထိုအရပ်ကို ခွာရှောင်ရမည်”လို့ နီတိဆရာက ဆိုထားတာပါ။ ဒါ့အပြင် ”ဥစ္စာရှိသူ၊ ဝေဒကျမ်းတတ်ဆရာ၊ မင်း၊ မြစ်၊ ဆေးဆရာ မရှိရာအရပ် မနေရ”လို့လည်း ဆိုထားပါသေးတယ်။
လောကလူသားတွေဟာ ”ဝိဇ္ဇာသိပ္ပ လူ့ကိစ္စ”ဆိုရမယ့် အသိပညာအတတ်ပညာတွေ လေ့လာသင်ယူတဲ့အခါမှာဖြစ်စေ၊ စီးပွားဥစ္စာ ရှာဖွေတဲ့အခါမှာဖြစ်စေ ဆွေမျိုးမိတ်ဆွေ၊ အပေါင်းအသင်း သူငယ်ချင်းတွေရဲ့ ထောက်ပံ့ကူညီမှုမရနိုင်ဘူးဆိုရင် ထင်သလောက် ပေါက်မြောက်အောင်မြင်ဖို့ရာ မလွယ်ကူနိုင်ပါဘူး။ ကိုယ့်အကျိုးစီးပွားကို လိုလားကြသူ မိတ်ဆွေကောင်းတွေ ရှိဖို့လည်း လိုအပ်ပါတယ်။ ဒီအတွက် မိတ်ကောင်းဆွေကောင်း မရှိတဲ့အရပ်မှာ မနေအပ်ဘူးလို့ နားလည်ပြီး ကလျာဏမိတ္တကောင်းတွေရှိရာနေရာကို ရွေးချယ်နေထိုင်ဖို့ ဖြစ်ပါတယ်။
ဘုရားဟောအဆုံးအမတရားတော်များထဲမှာလည်း ကလျာဏမိတ္တ ကောင်းဖြစ်သူ မာတိကာမာတာ ဒါယိကာမကြီးတည်ရှိရာအရပ်ကို သွားရောက်နေထိုင်ခြင်းကြောင့် တရားထူး တရားမြတ်ရသွားတဲ့ ရဟန်းတော် အပါး(၆ဝ)နဲ့ အညတရဘိက္ခုဝတ္ထုဆိုတာ ရှိပါတယ်။ ဘယ်အရာ၊ ဘယ်လိုနေရာတွေဟာ မှီဝဲသင့်တယ်၊ မမှီဝဲသင့်ဘူးဆိုတာနဲ့ပတ်သက်လို့ ပိုင်းခြားဝေဖန်ပြီး ဟောကြားထားတဲ့ ဘုရားဟောဒေသနာ၊ သေဝိတဗ္ဗာ သေဝိတဗ္ဗသုတ်မှာတော့ ပတိရူပအရပ်ကို ကုသိုလ်၊ အကုသိုလ်ဆိုတဲ့ပေတံနဲ့တိုင်းတာဖို့ ဆုံးမခဲ့တာ တွေ့ရမှာပါ။
”ကိုယ်နေထိုင်ရာ အရပ်ဒေသတစ်ခုဟာ ကိုယ့်အတွက် အကုသိုလ်တွေတိုးပြီး ကုသိုလ်တွေ ဆုတ်ယုတ်သွားရင် မနေထိုက်ဘူး၊ ကောင်းမှုကုသိုလ်တွေတိုးပြီး မကောင်းမှုအကုသိုလ်တွေ ယုတ်လျော့သွားမှသာ နေထိုင်မှီခိုအပ်တဲ့အရပ်ဖြစ်တယ်”လို့ ဘုရားရှင်က ဟောကြားခဲ့ကြောင်း လေ့လာမှတ်သားရတာပါ။ ”ပတိရူပ ဒေသဝါသ”မင်္ဂလာအကြောင်း ပြောကြတဲ့အခါတိုင်း ကျွန်တော်တို့တွေ မရိုးနိုင်အောင်ကြားခဲ့ရတဲ့ အထင်ရှားဆုံး ပုံပြင် ဝတ္ထုတစ်ပုဒ် ရှိပါသေးတယ်။ အဲဒါကတော့ သတိပဋ္ဌာနသံယုတ်၊ သကုဏဂ္ဃိသုတ္တန်ကနေ ထုတ်နုတ်ထားတဲ့ ”ဘီလုံးငှက်နဲ့ သိမ်း ငှက်”ပုံပြင်ပါပဲ။
(၄) တစ်ခါတုန်းက လယ်ကွင်းပြင်၊ ထွန်စာခဲတွေကြားမှာ နေထိုင် ကျက်စားတတ်တဲ့ ဘီလုံးငှက်ငယ်လေးဟာ သူ့နေရာ၊ သူ့အရပ်က နေ အခြားအရပ်ဆီကို သွားရောက် လည်ပတ်မိတယ်။အဲဒီအချိန်မှာ လက်တစ်ဝါးခန့်လောက်ပဲရှိတဲ့ ဘီလုံးငှက်လေးကို လက်တစ်တောင်ကျော်ရှိတဲ့ သိမ်းငှက်ကြီးက အလွယ်တကူပဲ ထိုးသုတ် ချီသွားတယ်။
အရွယ်ချင်း၊ ခွန်အားချင်း မမျှတာကြောင့် သိမ်းငှက်ကြီး ချီရာနောက် ပါသွားရတဲ့ ဘီလုံးငှက်ငယ်လေးဟာ ”ငါ့အရပ်ဒေသ မဟုတ်လို့သာ သိမ်းငှက် ထိုးသုတ်တာကို ခံခဲ့ရတာ။ ငါ့အရပ်သာ ဖြစ်ခဲ့မယ်ဆိုရင် ခုလိုမျိုး သိမ်းငှက်ကြီးပြုသမျှ နုရမှာမဟုတ်ဘူး” ဆိုပြီး အော်ငိုပါတော့တယ်။
ဘီလုံးငှက်လေးရဲ့ အော်သံကိုကြားပြီး မခံချင်စိတ်ဖြစ်လာတဲ့ သိမ်းငှက်က ”ဒါဆိုရင် မင်းနေရာကို ငါပြန်ပို့ပေးမယ်။ မင်း ငါ့ကို နိုင်အောင် စစ်ထိုးနိုင်မလား”လို့စိန်ခေါ်ပြီး ဘီလုံးငှက်ကို သူ့နေရာမှန်ဖြစ်တဲ့ လယ်ကွင်းပြင်၊ ထွန်စာခဲတွေကြား ပြန်ပို့ပေးလိုက်တယ်။
”ကျွန်ုပ်ရဲ့အရပ်မှာတော့ သင့်လို ခွန်အားကြီးမားတဲ့ သိမ်းငှက်ကိုလည်း ကောင်းကောင်းယှဉ်နိုင်ပါတယ်”ဆိုတဲ့ ဘီလုံးငှက်လေးရဲ့ စကားကို မခံနိုင်အောင်ဖြစ်နေတဲ့ သိန်းငှက်ဟာ-
”မင်းနေရာမှာသာဆိုရင် ငါ့လို ခွန်အားကြီးတဲ့ သိမ်းငှက်ကို အံတုနိုင်တယ်ဆိုတဲ့ ဘီလုံးလေး။ ခု မင်းနေရာကို ရောက်ပြီ။ ငါ့ လက်ကနေ လွတ်အောင် ရှောင်ပေတော့”လို့ ကြုံးဝါးလိုက်တယ်။ ပြီးမှ ကောင်းကင်ပေါ်ကနေ အရှိန်နဲ့ပျံသန်းလာပြီး ထွန်စာခဲတွေ ကြားမှာ နေရာယူထားတဲ့ ဘီလုံးငှက်ကို ဒေါသတကြီး ထိုးသုတ်ပါတော့တယ်။
ဒါပေမဲ့ သိမ်းငှက်ကြီးထိုးဆင်းလာတာကို သိတဲ့ ဘီလုံးငှက်လေးကတော့ ရုတ်တရက်ဆိုသလိုပဲ ထွန်စာခဲပေါ်ကနေ ထွန်စာခဲ အောက်အကြားကို ဝင်နေလိုက်ပါတယ်။ အဲဒီမှာ အရှိန်မထိန်းနိုင်တဲ့ သိမ်းငှက်ကြီးဟာ ဘီလုံးငှက်ကို မသုတ်မိဘဲ ထွန်စာခဲတွေနဲ့ ရိုက်မိပြီး သေပါတော့တယ်။သိမ်းငှက်ကြီး သေသွားပြီဆိုကာမှ ဘီလုံးငှက်လေးက အပြင်ကိုထွက်လာပြီး ”ငါဟာ သင့်တင့်လျောက်ပတ်တဲ့အရပ်ကို အမှီပြုပြီး ရန်သူကိုခုခံတဲ့အတွက် ငါ့ထက် အင်အားကြီးတဲ့ သိမ်းငှက်ကို အနိုင်ရခဲ့လေတယ်”လို့ ကြုံးဝါးတော့တာပါ။
ငယ်ရွယ်စဉ်ကတည်းက ကြားဖူးပြီးသား ဒီပုံပြင်လေးဟာ ဘယ်လိုအမှုကိစ္စမျိုးကိုပဲ ဆောင်ရွက်သည်ဖြစ်စေ ကိုယ်နဲ့သင့်တော် မှန်ကန်တဲ့ ပတိရူပအရပ်ကို ရွေးချယ်လုပ်ကိုင်တတ်ဖို့ အရေးကြီး တယ်ဆိုတာ သက်သေပြနေတာပါပဲ။ နေရာအရပ်တစ်ခုဟာ ကိုယ့်အတွက် ”တစ်ရွာမပြောင်း သူကောင်းမဖြစ်”လို့ဆိုရမယ့် အရပ်လား၊ ”သေချင်တဲ့ကျား တောပြောင်း”ဆိုတာမျိုး ဖြစ်မလားဆိုတာကတော့ ကိုယ့်အခြေအနေမှန်၊ ဆင်ခြင်ဉာဏ်နဲ့ ချင့်ချိန်တိုင်းတာပြီးမှ ပတိရူပအရပ်ကို ရွေးချယ် တတ်ဖို့ပဲ မဟုတ်ပါလား။
(၅) ”ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ”ဆိုတဲ့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာစာသားလေးအတိုင်း လူတစ်ယောက် ကြီးပွားချမ်းသာခြင်းရဲ့အကြောင်းတရားတွေထဲမှာ သင့်တင့်လျောက်ပတ် ကောင်းမြတ်တဲ့အရပ် ရှိဖို့ လိုအပ်တယ်ဆိုတာတော့ သေချာပါတယ်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ထွန်းတောက်ကြီးပွားဖို့အတွက် ပြည့်စုံရမယ့် သမ္ပတ္တိစက်လေးပါးထဲမှာလည်း ”သင့်တင့်လျောက်ပတ်သော အရပ်၌နေရခြင်း”ဟာ တစ်ပါးအနေနဲ့ ပါဝင်ပါတယ်။ဒါပေမဲ့ ဒီနေရာမှာ နောက်တစ်ဆင့်တက်ပြီး မေးခွန်းထုတ် ဆန်းစစ်ကြည့်ဖို့လိုအပ်တာက လူတစ်ယောက်ဟာ သူ့အတွက် ပတိရူပအရပ်ဖြစ်တဲ့ နေရာကောင်းကိုရောက်တိုင်း ကြီးပွားချမ်းသာနိုင်ရဲ့ လားဆိုတဲ့ မေးခွန်းပါ။
နေရာကောင်းတော့ ရောက်ပါရဲ့၊ အဲဒီနေရာကောင်း၊ အခွင့်အရေးကောင်းကို ထိုက်တန်အောင် အသုံးမချနိုင်ဘူး၊ ကိုယ်ကိုယ်တိုင်က ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင် ဘယ်လောက်ကောင်းတဲ့ ပတိရူပအရပ်မှာပဲဖြစ်နေပါစေ၊ သူ့အတွက် ကောင်းကျိုး ချမ်းသာ မင်္ဂလာတွေ ရရှိလာမှာမဟုတ်တာ သေချာပါတယ်။ ဒီသဘောကိုပဲ ကျေးဇူးတော်ရှင် သပြေကန်ဆရာတော်ကြီးက ”မင်္ဂလာဖြစ် မဖြစ်”ဆန်းစစ်ကြည့်နိုင်ဖို့ အခုလိုမျိုး သတိပေး ရေးသားခဲ့တာ တွေ့ရပါတယ်။
”သင့်လျော်သောအရပ်၌ နေရခြင်းမှာ လောကရေး၊ ဓမ္မရေး နှစ်ဖက်လုံး၌ တိုးတက်ထွန်းကား ကြီးပွားရေးဖြစ်ရာ မင်္ဂလာဖြစ်လေသည်။ သို့သော် ပတိရူပဒေသ၌ နေရသော်လည်း ရထိုက်သော အကျိုးကို မရသူမှာ မင်္ဂလာဖြစ်သည်ဟု မဆိုရ။ လူတစ်ဦးသည် သာသနာလည်း ထွန်းလင်းခြင်းရှိ၍ လောကရေးဖက်ကလည်း အဆင်ပြေလှသောဒေသ၌ နေရလျက် မိမိက ဆိုးမိုက်ပေတေနေသဖြင့် လောကဖက်မှလည်း ဘာမျှ အမြတ်မထွက်၊ ဓမ္မဘက်မှလည်း ဘာမျှ အသားမတက်လျှင် ထိုသူအဖို့ အမည်သာ ပတိရူပဒေသဝါသ ဖြစ်၍ မင်္ဂလာဖြစ်သည်ဟုကား မဆိုထိုက်။
မင်္ဂလာဟူသည် ကောင်းကျိုးရသောအမှုအဖြစ်များ၏ အမည်သာ ဖြစ်သည်”လို့ ပရိတ်ကြီးနိဿယသစ်မှာ သပြေကန်ဆရာတော်ကြီးက မိန့်ကြားထားတာ ဖြစ်ပါတယ်။ မင်္ဂလာတရားတော်အစ ”အသေဝနာ စ ဗာလာန မင်္ဂလာ” နဲ့ဆက်စပ်ပြီးပြောရရင် ကိုယ်တိုင်က လူမိုက်တစ်ယောက်၊ လူညံ့တစ်ယောက်ဖြစ်နေရင်တော့ ဘယ်လောက်ကောင်းတဲ့နေရာမျိုးမှာ နေရပါစေ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီဘဝ သံသရာ နှစ်ဖြာအကျိုးကို မကြည့်သူဟာ ဘယ်လို ပတိရူပအရပ်မှာပဲရောက်နေနေ တိုးတက်အောင် ကြံဆောင်နိုင်မှာမဟုတ်ဘူးဆိုတဲ့သဘောပါပဲ။
တစ်ဘက်မှာ တကယ်တမ်း ကြီးပွားတိုးတက်ချင်သူကလည်း ဘဝပေးအခြေအနေအရ အခွင့်အလမ်း နည်းပါးတဲ့နေရာကိုရောက်နေရင်တောင် လက်ရှိဘဝ ပစ္စုပ္ပန်ကို လူမှန်နေရာမှန်ဖြစ်အောင် ကြိုးစား၊ ရယူနိုင်မှာ သေချာပါတယ်။ ဗုဒ္ဓအလိုတော်ကျ ”ပတိရူပ ဒေသဝါသမင်္ဂလာတရား”လက်ကိုင်ထားရင်း အခွင့်အခါ၊ နေရာလည်းကောင်း၊ လူကလည်းတော်ဆိုတဲ့ဘဝနဲ့ အောင်မြင်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ကြဖို့ပါပဲ။
မိုးအောင်လင်းနိုင် ( ရိုးရာလေး )