ရောင်စုံ ဖယောင်းခဲ အကျိုးအပဲ့လေးများ

25.7.23-yyl-7.jpg

လူချမ်းသာ မိဘတွေက လိုလေးသေးမရှိ ဝယ်ပေးတော့ သူ့ဆီမှာ ကစားစရာပစ္စည်း အစုံပဲ။ ရောင်စုံခြယ်တဲ့ ဖယောင်းခဲတွေလည်း အများကြီးပဲ။ တချို့ကလည်း ကျိုးပဲ့နေပြီ။

” မေမေ ရောင်စုံဖယောင်းခဲတွေကို လွှင့်ပစ်လိုက်တော့မယ်။ ခြယ်လို့လည်း မရတော့ဘူး။ သားအခန်းထဲမှာ ရှုပ်ပွနေတာပဲ”လို့ ပြောလိုက်တော့ သူ့အမေကလည်း ရောင်စုံ ဖယောင်းခဲတွေကို ပုံးထဲထည့်ပြီး အမှိုက်ပုံးထဲ သွားပစ်ပေးတယ်။

နောက်နေ့ကျတော့လည်း ကောင်လေးက သူ့အခန်းထဲမှာသုံးတဲ့ လေသန့်အမွှေးနံ့သာဘူး၊ အမွှေးနံ့သာဆီတွေကို မကြိုက်တော့ဘူး၊ အဲဒီအနံ့တွေကြောင့် အီလည်လည်ဖြစ်နေတယ်ဆိုတော့ သူ့မိခင်ခမျာ သိမ်းထုပ် လွှင့်ပစ်ရပြန်ပါရော။ ငွေကြေး ချမ်းသာလွန်းသူတွေဆိုတော့လည်း မကြိုက်တော့ဘူးဆိုရင် လွှင့်ပစ်ပြီး နောက်တစ်မျိုး ထပ်ဝယ်တာပေါ့။

တစ်နေ့တော့ သူတို့ သားအမိ ဈေးဝယ်ထွက်ပြီး ပြန်လာတဲ့လမ်းမှာ လူတွေ ဝိုင်းအုံနေကြလို့ လှမ်းကြည့်လိုက်တဲ့အခါ လူတွေက ရောင်စုံဖယောင်းတိုင်လေးတွေ အလုအယက် ဝယ်နေကြတာ တွေ့တယ်။ ရောင်းတဲ့ကောင်လေးကတော့ နွမ်းနွမ်းပါးပါးလေးပါ။ ဒါပေမဲ့ သူ့ဖယောင်းတိုင်လေးတွေက ချစ်စရာကောင်းပြီး အနံ့ကလည်း မွှေးနေရော။

လူချမ်းသာကောင်လေးလည်း သူ့အမေကို ပူဆာတော့တာပေါ့။ သူ့အမေကလည်း သူ့သား စိတ်ချမ်းသာရင် ပြီးရောလေ။ ကားရပ်ပြီး ရောင်စုံဖယောင်းတိုင် သွားဝယ်တယ်။

” စိတ်မကောင်းပါဘူး အန်တီ။ ရောင်စုံဖယောင်းတိုင်လေးတွေ ကုန်သွားပါပြီ”
ဒီစကားကြားတော့ လူချမ်းသာကောင်လေး မျက်နှာပျက်သွားတယ်။ သူ့သား စိတ်ညစ်သွားတာကို သူ့အမေက ရိပ်မိတယ်။

” အဲဒီဖယောင်းတိုင်လေးတွေကို မင်း ဘယ်က ဝယ်တာလဲ။ အန်တီ့သားကို ဝယ်ပေးချင်လို့”
” ဝယ်တာ မဟုတ်ဘူး အန်တီ။ ကျွန်တော်ကိုယ်တိုင် လုပ်ထားတာပါ”
ဒီစကားကို ကြားတော့ အမျိုးသမီးလည်း အံ့အားသင့်ပြီး စိတ်ဝင်စားသွားတယ်။

” အိုး . . . ဒီဖယောင်းတိုင်လေးတွေကို မင်း ကိုယ်တိုင် လုပ်တာလား။ ဘာတွေနဲ့ လုပ်တာလဲ”
ဖယောင်းတိုင်ရောင်းတဲ့ ကောင်လေးက ခဏစဉ်းစားနေတယ်။ ပြီးတော့မှ
” တစ်နေ့တုန်းက အမှိုက်ပုံးထဲကနေ ရောင်စုံဖယောင်းခဲတွေ တွေ့တယ်လေ။ နောက်နေ့ကျတော့ အမျိုးသမီးတစ်ယောက်က အဲဒီအမှိုက်ပုံးထဲကို အမွှေးနံ့သာဘူးတွေ၊ အမွှေးနံ့သာဆီတွေ လာပစ်တာ ကျွန်တော် တွေ့တယ်။ ရောင်စုံဖယောင်းခဲတွေကို အရည်ကြိုပြီး အဲဒီအထဲကို အမွှေးနံ့သာဆီတွေ ထည့်လိုက်တာ။ ပြီးတော့မှ ဖယောင်းတိုင် ပုံလောင်းလိုက်တာပါ”ဒီစကားကြားရတော့ အမျိုးသမီးလည်း ပါးစပ်အဟောင်းသားနဲ့ပေါ့။

သင်ခန်းစာ

သင့်ဘဝမှာ ရောင်စုံဖယောင်းခဲ အကျိုးလေးတွေလို စွန့်ပစ်၊ ဖယ်ရှားခံရတဲ့အခါ ဝမ်းမနည်းပါနဲ့။ စိတ်မပျက်ပါနဲ့။ တကယ်တော့ သူတို့က မင်းရဲ့အလားအလာကို မသိကြတာပါ။ မင်းကို စွန့်ပစ်၊ ဖယ်ရှားခဲ့သူကတောင် ပြန်လိုချင်တဲ့အထိ အသွင်ပြောင်းလဲပစ်နိုင်ဖို့ အကောင်းမြင်စိတ်မွေးပြီး အာရုံစူးစိုက်ပါ။ ပိုကောင်းတဲ့ မနက်ဖြန်တွေကို မျှော်လင့်ရင်းနဲ့ပေါ့။

Ref: Chima Dickson

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top