နေ့စဉ်အာဟာရမှာ ပရိုတင်းဓါတ် ပါဝင်သင့်တဲ့ အကြောင်းရင်း (၁၀) ချက်

yyl-021-6.jpg

ကျား၊ မ မရွေး ကိုယ်ခန္ဓါကြီးထွားစေဖို့၊ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ပရိုတင်းဓါတ်၊ ကစီဓါတ်နဲ့ အဆီဓါတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီအာဟာရ ၃ မျိုးမှာမှ ပရိုတင်းဟာ လူ့ခန္ဓါကိုယ်နဲ့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး အာဟာရဖြစ်တယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့် အသက်အရွယ်မရွေး ပရိုတင်းပမာဏ ပြည့်ဝစွာ စားသုံးဖို့ အရေးကြီးလဲဆိုတာကို ပြောပြပေးမယ်နော်။

၁။ မလိုအပ်ဘဲ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်တယ်။

ပရိုတင်းဓါတ်ဟာ ဆာလောင်မှုကို ဖြစ်စေတဲ့ ဂရီလင် (ghrelin) ဟော်မုန်းကို လျှော့ချပေးပါတယ်။ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ ဗိုက်ကို ပြည့်သွားစေပြီး နောက်ထပ် အစားအစာတွေ၊ အဆီအစိမ့်တွေ စားချင်စိတ် မဖြစ်လာစေဖို့ ကူညီပေးနိုင်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန်ရောက်အောင် ထိန်းပေးထားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်ချဖို့၊ ဝမ်းဗိုက်အဆီချဖို့ ကြိုးစားနေတဲ့သူတွေဆိုရင် ကစီဓါတ်နဲ့ အဆီဓါတ်ကို လျှော့စားပြီး ပရိုတင်းဓါတ်ကို ပိုစားပေးသင့်ပါတယ်။

၂။ ကိုယ်ခန္ဓါ ကြွက်သားထုကို တက်စေပြီး ခွန်အားဖြစ်စေတယ်။

ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓါ ကြီးထွားသန်စွမ်းစေဖို့၊ ကြွက်သားထု တည်ဆောက်ဖို့၊ ကြွက်သားတွေ ဆုံးရှုံးမှု မဖြစ်စေဖို အားဖြည့်ကူညီပေးပါတယ်။ ခွန်အားကိုလည်း ဖြစ်စေပြီး သက်လုံကောင်းစေတာကြောင့် Gym ကစားနေတဲ့ အမျိုးသားတွေ၊ ကြွက်သားအဖုအထစ်ရဖို့ ကြိုးစားနေတဲ့ ပုရိသတို့အတွက် နေ့စဉ် ပရိုတင်းဓါတ်ကို ပြည့်ဝစွာ စားသုံးပေးဖို့ အရေးကြီးပါတယ်။

၃။ အရိုးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

ပရိုတင်းဓါတ်ကို နေ့စဉ် စားပေးတဲ့ သူတွေမှာ တခြားသူတွေထက် အရိုးအဆစ်ကြံ့ခိုင် သန်စွမ်းတယ်။ အရိုးပါးရောဂါ၊ အရိုးတွေ အလွယ်တကူကျိုးပဲ့ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

၄။ ညဘက်တွေမှာ ဆာလောင်မွတ်သိပ်မှုကို လျှော့ချပေးတယ်။

လူငယ်တွေမှာ အဖြစ်များတဲ့ ပြဿနာကတော့ ညအိပ်ချိန် နောက်ကျတာနဲ့ မနက်နဲ့ ညအိပ်ချိန်မှားတဲ့ ပြဿနာတွေပါပဲ။ ကိုယ်က မအိပ်ပေမယ့် ကိုယ်ခန္ဓါထဲက အင်္ဂါအစိတ်အပိုင်းတွေက ပင်ပန်းပြီး အနားယူနေပါပြီ။ ဒီလိုအချိန်မှာ ကိုယ်က အစာတွေ စားနေရင် အစာအိမ်ကလည်း ခက်ခက်ခဲခဲနဲ့ အစာချေရတယ်။ အက်ဆစ်ဓါတ်တွေ ထွက်နေတော့ ဦးနှောက်ကလည်း ကောင်းကောင်း အနားမရဘူး။ ဒီတော့ အိပ်စက်ဖို့အတွက် ပိုပြီးတောင် ခက်ခဲသွားပါတယ်။ ပရိုတင်းဓါတ်ကို လုံလောက်စွာ စားပေးရင် ညဘက်မှာ ကောင်းစွာအိပ်စက်နိုင်ဖို့ ကူညီပေးပြီး အစာစားချင်စိတ်ကို လျှော့ချပေးနိုင်လို့ မလိုအပ်တဲ့ အဝလွန်တာ၊ ကျန်းမာရေးပြဿနာတွေ မဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

၅။ ကိုယ်တွင်းအဆီပိုတွေကို လောင်ကျွမ်းစေတယ်။

စားလိုက်တဲ့ ပရိုတင်းဓါတ်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးလို့ ကိုယ်ခန္ဓါအတွင်းက မလိုအပ်တဲ့ အဆီပိုတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ စားလိုက်တဲ့ အစာအာဟာရတွေကို ခန္ဓါကိုယ်က ကောင်းစွာ စုပ်ယူနိုင်စေလို့ ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

၆။ သွေးတိုးကျစေတယ်။

သွေးတိုးရောဂါဆိုတာ နောက်ဆက်တွဲ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ရုတ်တရက် သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခြင်းတို့ကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ ပါဝင်ပါတယ်။ ပရိုတင်းဓါတ်ကို များများစားပေးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းစေတဲ့အပြင် သွေးတိုးကိုပါ ကျစေတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောပမာဏကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် သွေးတိုးရောဂါရှင်တွေ ပရိုတင်းဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးဖို့ လိုပါတယ်။

၇။ ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးတယ်။

လူတော်တော်များများ အမှတ်မှားတတ်ကြတာက ပရိုတင်းဟာ ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုယ်ခန္ဓါကြီးထွားစေဖို့ ကူညီပေးတာကြောင့် ကိုယ်အလေးချိန်ချနေတဲ့ သူတွေအတွက် မလိုအပ်ဘူးလို့ ယူဆလိုက်တာပါ။ တကယ်တော့ ဒီယူဆချက်ဟာ လုံးဝမဟုတ်ပါဘူး။ ပရိုတင်းဓါတ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးတယ်။ ကယ်လိုရီနဲ့ ကိုယ်တွင်းအဆီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကို ကျစေတယ်။ ကြွက်သားထုကို တည်ဆောက်ပေးပြီး အားအင်တွေကို ဖြည့်တင်းပေးလို့ လေ့ကျင့်ခန်းကို အားသွန်ခွန်စိုက် လုပ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

၈။ ကျန်းမာတဲ့ ကျောက်ကပ်တွေကို ဒုက္ခမပေးပါဘူး။

နောက်ထပ်အလွဲတစ်ခုကတော့ ပရိုတင်းအစားများရင် ကျောက်ကပ်ပျက်စီးတယ်ဆိုတဲ့ ကိစ္စပါပဲ။ တကယ်တော့ ပရိုတင်းဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေတဲ့ ကျောက်ကပ်တွေကို လုံးဝမထိခိုက်စေနိုင်ပါဘူး။ မွေးရာပါ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်အားနည်းတာ၊ ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာသာလျှင် ပရိုတင်းဓါတ်ကြောင့် ကျောက်ကပ်ပျက်စီးနိုင်ခြေ ရှိတာပါ။

၉။ ထိခိုက်ဒဏ်ရာတွေကို လျင်မြန်စွာ သက်သာပျောက်ကင်းစေတယ်။

ပရိုတင်းရဲ့ နောက်ထပ်အားသာချက်တစ်ခုက အနာကျက်မြန်စေတာပါ။ ထိခိုက်ပွန်းပဲ့ထားတဲ့ အရေပြားသာမက ပျက်စီးနေတဲ့ တစ်သျှူး၊ ကိုယ်တွင်းအင်္ဂါတွေကိုပါ လျင်မြန်စွာ သက်သာပျောက်ကင်းသွားစေလို့ ဒဏ်ရာတစ်ခုခု ဖြစ်နေချိန်မှာ ပရိုတင်းဓါတ်ကို ပိုစားပေးဖို့ အရေးကြီးပါတယ်။

၁၀။ အသက်ကြီးပေမယ့် မပျက်စီးစေဘူး။

အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါ ကြွက်သားထုက လျော့နည်းလာမယ်။ ကိုယ်ခံအားစနစ် ကျဆင်းတော့ ရောဂါတွေကို အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ အရိုးအဆစ်တွေ အားနည်းပြီး အားအင်ချိနဲ့စေပါတယ်။ ပရိုတင်းဓါတ်ကိုသာ နေ့စဉ် လုံလောက်စွာ စားသုံးပေးမယ်ဆိုရင် ကိုယ်ခန္ဓါအချိုးအဆစ်ကိုရော၊ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။
ပရိုတင်းဓါတ်ကို လူသားတိုင်း နေ့စဉ်လုံလောက်စွာ စားပေးဖို့ အရေးကြီးတယ်နော်။ ပုံမှန်အားဖြင့် အစားအစာကနေ အများဆုံး ရရှိနိုင်သလို ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြည့်စွက်စာ၊ အားဆေးတွေ သောက်ပေးမယ်ဆိုရင်လည်း အဆင်ပြေစေပါတယ်။

Ref : HelloSayarwon

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top