BTS အဖွဲ့နဲ့ ပူးပေါင်းတင်ဆက်ချင်တယ်ဆိုတဲ့ ပါကစ္စတန်အဆိုတော် အာဆင် အာဇာ

11-9-2020-yyl-011.jpg

တောင်ကိုရီးယားအဆိုအဖွဲ့ BTS ရဲ့အောင်မြင်ကျော်ကြားမှုကတော့ အံ့မခန်းပါပဲ။ သူတို့အဖွဲ့နဲ့အတူ သီချင်းပူးပေါင်းတင်ဆက်ချင်နေတဲ့ နာမည်ကြီးအဆိုတော်တွေလည်းရှိနေပါတယ်။ မကြာသေးခင်က အသက် (၂၄) နှစ်အရွယ် နာမည်ကြီးပါကစ္စတန်အဆိုတော် အာဆင် အာဇာဟာ BTS အဖွဲ့နဲ့ ပူးပေါင်းတင်ဆက်ချင်တဲ့ သူ့ဆန္ဒကို ထုတ်ပြခဲ့ပါတယ်။ BTSရဲ့ MV တွေတော်တော်များများကလည်း ဘောလိဝုဒ်နဲ့ တင်ဆက်ပုံချင်း ဆင်တူပြီး ပါကစ္စတန်နိုင်ငံရဲ့လူမှုကွန်ယက်မှာလည်း နာမည်ကြီးနေပါတယ်။

အာဆင်ရဲ့ Soneya သီချင်းနဲ့ BTS ဗီဒီယိုတို့ကိုပေါင်းစပ်ထားတဲ့ ဗီဒီယိုကလည်း လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့နေပါတယ်။ အာဆင်က BTS အဖွဲ့နဲ့အတူ ပူးပေါင်းတင်ဆက်ချင်တဲ့ဆန္ဒကို ထုတ်ပြရင်း သူ့သီချင်းနဲ့ BTS ဗီဒီယို ပေါင်းစပ်ကာ တည်းဖြတ်ထားတဲ့ဗီဒီယိုကို နှစ်သက်ကြောင်း တွစ်တာမှာ မျှဝေခဲ့ပါတယ်။ “ကျွန်တော် BTS အဖွဲ့နဲ့ ပူးပေါင်းတင်ဆက်တဲ့ပထမဆုံး ပါကစ္စတန်အဆိုတော်ဖြစ်ချင်ပါတယ်။ ယဉ်ကျေးမှုရောယှက်တာက အမြဲတမ်း လှပနေတာပါ။ ကေပေါ့စ်က အဲဒီရဲ့စံနမူနာပါပဲ။ တကယ်မိုက်တဲ့ တည်းဖြတ်မှုပါပဲ”လို့ အာဆင်က ပြောပါတယ်။

အဲဒီနောက်မှာ BTS ရဲ့ Fandom ဖြစ်တဲ့ Army တွေကလည်း အာဆင်ရဲ့ဆန္ဒနဲ့ပတ်သက်ပြီး ကျေးဇူးတင်ခဲ့ကြပါတယ်။ “အရမ်းကြီး အိပ်မက်မက်နေတယ်”လို့ အာဆင်က ဝေဖန်ပြောဆိုတဲ့သူတချို့ရှိပေမယ့်လည်း အဆိုတော် ဟာဒီ ကီရာနီ (Hadiqa Kiani) ကတော့ “BTS နဲ့ ပူးပေါင်းတင်ဆက်ချင်တာာကို အပြည့်အဝထောက်ခံအားပေးတယ်”လို့ ဆိုပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတော်တော်များများက BTS သီချင်း Dynamite ကို Cover ဆိုပေးဖို့ အာဆင်ကို တောင်းဆိုနေကြပါတယ်။ BTSရဲ့ Dynamite သီချင်းက လူတိုင်းရဲ့စိတ်ထဲမှာ စွဲနေတယ်ပုံပါပဲ။ “ကျေးဇူးပြုပြီး Dynamite သီချင်းကို Cover ဆိုပေးပါ”၊ “Dynamite သီချင်းကို Cover လုပ်ပေးနိုင်တယ်မလား။ ဒါက အင်္ဂလိပ်သီချင်းဖြစ်ပြီး ပါကစ္စတန် BTS Army တွေအတွက် များစွာ အဓိပ္ပာယ်ရှိမှာပါ”လို့ လူမှုကွန်ယက်အသုံးပြုသူတွေက အာဆင်ကို တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

အာဆင် အာဇာရဲ့ Soneya သီချင်းအသစ်က ထွက်ရှိပြီးပြီးချင်းမှာပဲ YouTube မှာ ကြည့်ရှုသူများခဲ့ပါတယ်။ BTS အဖွဲ့ရဲ့ Dynamite သီချင်းကလည်း ကမ္ဘာတစ်ဝှမ်းက ကေပေါ့စ်ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ သီချင်းဖြစ်ပြီး ထွက်ရှိပြီး တစ်ပတ်မှာပဲ Billboard Hot 100 စာရင်းမှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့ပါတယ်။ အခု ဒုတိယအပတ်ရောက်တဲ့အထိလည်း နံပါတ် ၁ နေရာမှာ ရှိနေတုန်းပါပဲ။

Asim Azhar ရဲ့ Soneya သီချင်း

BTS ရဲ့ Dynamite (Live Version)

Ref: Tribune “Asim Azhar hopes to be first Pakistani to collaborate with BTS”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top