မသန်စွမ်းတဲ့သူတွေဟာ မတူညီတဲ့အရည်အချင်းတွေနဲ့လူတွေဖြစ်ကြောင်း သက်သေပြလိုက်တဲ့ မျက်မမြင်အော်တစ်ဇင်ကောင်မလေး

24.3.2023-yyl-iamge-7.jpg

လူစီဟာ အော်တစ်ဇင်ရဲ့ အသိသာဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ အော်တစ်ဇင်ဖြစ်နေတဲ့ အသက် ၁၃ နှစ်အရွယ် မျက်မမြင်ကောင်မလေးတစ်ယောက်၊ ဒါပေမဲ့ သူဟာ ဒီအခြေအနေကို လွန်ဆန်ပြီး သူ့ရဲ့အိပ်မက်နောက်လိုက်ဖို့ ကြိုးစားနိုင်ခဲ့သူပါ။ ကမ္ဘာပေါ်မှာ မသန်စွမ်းသူတွေဟာ မတူညီတဲ့အရည်အချင်းတွေနဲ့လူတွေဖြစ်ကြောင်း သက်သေပြခဲ့တာပါ။ လူစီက ထူးထူးခြားခြားဂီတစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူ နောက်ဆုံးဖျော်ဖြေတင်ဆက်မှုက ပရိသတ်တွေကို မျက်ရည်ကျစေခဲ့တဲ့အပြင် စန္ဒယားပြိုင်ပွဲမှာ အနိုင်ရရှိသူအဖြစ်လည်း သရဖူဆောင်းနိုင်ခဲ့တာပါ။

လူစီရဲ့မျက်လုံးနှစ်ဖက်စလုံးမှာ ကင်ဆာအကျိတ်တွေရှိခဲ့တာကြောင့် မျက်လုံးကွယ်ခဲ့ရတာပါ။ ဒါ့အပြင် အော်တစ်ဇင်လက္ခဏာတွေ ဖြစ်စေနိုင်တဲ့ ခရိုမိုဆုန်းမူမမှန်မှုအခြေအနေရှိပါတယ်။ သူက ဖွံ့ဖြိုးမှုနှောင့်နှေးပြီး ပြောဆိုဆက်ဆံရာမှာလည်း အခက်အခဲရှိပါတယ်။

လူစီရဲ့ဂီတစွမ်းရည်ကို သူနာပြုတစ်ယောက်က သတိထားမိခဲ့ပြီးတဲ့နောက်မှာ စန္ဒယားတီးသင်ဖို့ ဖြစ်လာခဲ့တာပါ။ သူ့ရဲ့စန္ဒယားဆရာ ဒန်နီရယ်နဲ့ ပထမဆုံးအကြိမ်တွေ့တဲ့အချိန်မှာ သူ့ရဲ့လက်ကို ကီးဘုတ်အသေးလေးပေါ် တင်ပေးလိုက်တော့ Twinkle Twinkle Little Star ကို စပြီးတီးခတ်ခဲ့တာပါ။ အဲ့ဒီအခိုက်အတန့်မှာ စန္ဒယားဆရာက ဂီတဟာ လူစီအတွက် အရမ်းအရေးပါတယ်ဆိုတာ သိလာခဲ့ပြီး သူ့ရဲ့လူမှုဆက်ဆံရေးစွမ်းရည်၊ ဘာသာစကားတွေ ပွင့်အန်လာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

လူစီက သူ့ဆရာ တီးတာတွေကို အရင်ဆုံး နားထောင်ပြီး မတူညီတဲ့အပိုင်းတွေကို တီးခတ်ဖို့ သင်ယူပါတယ်။ အဲ့ဒီနောက် စမ်းကြည့်ပြီး မှတ်ဉာဏ်နဲ့ တီးပါတယ်။ ဒါက လူစီ ဂီတကို မှတ်သားတဲ့ နည်းလမ်းဖြစ်ပေမဲ့ သူ အကူအညီလိုအပ်တဲ့အခါတိုင်း သူ့ရဲ့ဆရာက ရိုးရာနည်းဗျူဟာတွေကို အသုံးပြုပြီး တီးခတ်တတ်အောင် သင်ယူစေခဲ့တာပါ။

မျက်မမြင်ကလေးတွေကို ဂီတအခွင့်အလမ်းတွေပေးတဲ့ အဖွဲ့အစည်း The Amber Trust ရဲ့တည်ထောင်သူ အာဒမ်က “လူစီကို သင်ပေးလို့မရဘူး။ သူ သင်ယူတာကို ကူညီပေးလို့ပဲ ရနိုင်တယ်။ နောက်ထပ် သင်ယူဖို့ လိုအပ်တာက ဘာလဲဆိုတာကို သူ့ဦးနှောက်က ဆုံးဖြတ်ပြီး သူ လုပ်သွားမှာပါ”လို့ ဆိုပါတယ်။

လူစီက The Piano ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အချိန် သူ့ရဲ့တီးခတ်ဖျော်ဖြေမှုနဲ့ ပွဲကြည့်ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး အနိုင်ရရှိသူအဖြစ် သရဖူဆောင်းခဲ့ရပါတယ်။ ဒိုင်လူကြီးတွေထဲက တစ်ဦးဆိုရင် “ကန့်သတ်ချက်တွေအားလုံးကို ဆန့်ကျင်တဲ့ ဂီတနဲ့ မှော်ဆန်တဲ့အရာတွေဖြစ်ပေါ်လာတယ်”လို့ ပြောပါတယ်။ လူစီရဲ့အမေကလည်း သူ့သမီးအတွက် အရမ်းဂုဏ်ယူခဲ့ရပါတယ်။

The Piano ပြိုင်ပွဲမှာ လူစီရဲ့တီးခတ်ဖျော်ဖြေမှုဗီဒီယို

Ref: Meet Lucy, a Blind and Autistic Girl Who Was Crowned the Winner of “The Piano”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top