ပြောင်းလဲသင့်ရာ ပြောင်းလဲပါ

9.9.2019.jpg

အပြောင်းအလဲဆိုတာ ကျွန်တော်တို့ အားလုံး နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတဲ့အရာတစ်ခုပါ။ လောကမှာ ဘယ်အရာကမှ ထာဝရမတည်မြဲနေနိုင်ဘဲ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောင်းလဲနေကြရပါတယ်။ အပြောင်းအလဲပြုလုပ်မှုသာမရှိခဲ့ရင် လူ့အဖွဲ့အစည်းအနေနဲ့ ကျောက်ခေတ်ကနေ ဒီနေ့လိုနည်းပညာခေတ်အခြေအနေထိ ဆင့်ကဲတိုးတက်လာဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တိုးတက်ကောင်းမွန်မှုကိုရဖို့ အပြောင်းအလဲပြုလုပ်ခြင်း ဆိုတာက အရေးပါတဲ့ကိစ္စရပ်ဖြစ်ပါတယ်။

အောက်တိုဘာ (၁) ရက်ကစပြီး မြန်မာတစ်နိုင်ငံလုံး ယူနီကုဒ်စံစနစ်ကို တညီတညွတ်တည်းပြောင်းလဲသုံးစွဲရတော့မယ့်ကိစ္စက

လတ်တလောမှာ လူစိတ်ဝင်စားမှု၊ စိုးရိမ်ပူပန်မှုအများဆုံးကိစ္စတစ်ခုဖြစ်နေပါတယ်။ အွန်လိုင်းအသုံးပြုဆက်သွယ်ရေးနည်းပညာကဏ္ဍအတွက် ပိုကောင်းမွန်တဲ့အတွေ့အကြုံတွေ၊ အကျိုးကျေးဇူးတွေကိုရလာစေမယ့်ဒီအပြောင်းအလဲကို မြန်မာအစိုးရကိုယ်တိုင်ဦးဆောင်ဆော်ဩခဲ့တာပါ။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံမှာတုန်းကလည်း အားလုံးယူနီကုဒ်စနစ်တပြေးညီသုံးဖို့အတွက် ဥပဒေသတ်မှတ်ပြဌာန်းပြီး ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။

လူတွေမှာက ရှိမြဲ ဖြစ်မြဲ လုပ်မြဲအတိုင်း မျှောပြီးလိုက်လိုတဲ့သဘာဝရှိတာကြောင့် အပြောင်းအလဲတစ်ခုကို ချက်ချင်းလက်ခံလိုက်ဖို့ရာ ဝန်လေးတတ်ကြပါတယ်။ ဒါပေမဲ့ အပြောင်းအလဲဆိုတာဟာ တိုးတက်ကောင်းမွန်မှုနဲ့လည်း ဆက်နွှယ်နေတတ်တာကိုတော့ ပြန်သတိပြုရမှာပါ။ ခေတ်စနစ်နဲ့လျော်ညီတဲ့ လိုက်ပါပြောင်းလဲမှုတွေကို တစ်ဦးချင်းတစ်ယောက်ချင်းကစပြီး လိုက်ပါလုပ်ဆောင်မှုကသာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်မှုဆီ ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

အပြောင်းအလဲတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးနှစ်မျိုးစလုံး တွဲလျက်ပါလာတတ်တာချည်းပါပဲ။ တစ်ဦးတစ်ယောက်ချင်းရဲ့စိတ်နေစိတ်ထားကမတူကြတဲ့အတွက် အပြောင်းအလဲအပေါ် အမြင်ကွဲလွဲတာတွေကတော့ ရှိနိုင်ပါတယ်။ အခု ဇော်ဂျီ ကနေ ယူနီကုဒ်အကူးအပြောင်းမှာ ကြုံရမယ့်အဆင်မပြေမှုနဲ့ အခက်အခဲတွေက ရှိကိုရှိမှာပါ။ ဒါပေမဲ့ ဒါတွေက တဖြည်းဖြည်းကျင့်သားရပြီးပြေလည်သွားမှာတွေသာဖြစ်ပါတယ်။ ပြန်ရလာမယ့်အကျိုးကျေးဇူးတွေကလည်း အများအပြားရှိနေပါတယ်။ အခိုက်အတန့်အဆင်မပြေဖြစ်နိုင်တာထက် လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက်အကျိုးများစေမှာကိုဦးစားပေးစဉ်းစားရင် ဒါဟာ လိုက်ပါသင့်တဲ့အပြောင်းအလဲတစ်ခုလို့ မြင်လာရမှာပါပဲ။

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့နည်းပညာခေတ်ကြီးထဲမှာ ကိုယ့်ရဲ့အပြောင်းအလဲခြေလှမ်းတွေကိုမြန်နှုန်းမြှင့်နိုင်ပါမှ ဆန်းသစ်ကောင်းမွန်တဲ့အတွေ့အကြုံတွေကို အများနည်းတူ ရရှိခံစားရပါလိမ့်မယ်။ အခုလိုမျိုး နိုင်ငံနဲ့ချီတဲ့ပြုပြင်ပြောင်းလဲမှုမျိုးမှာလည်း ဆန်းသစ်ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုအရအမိယူနိုင်စေဖို့ သဘောထားနဲ့ ခံယူချက်အဟောင်းတွေကိုချန်ရစ်ပြီး ပြောင်းလဲသင့်ပါကြောင်း တိုက်တွန်းအကြံပြုလိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top