နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျားသစ်နက် အလိန်နာဂါလာနီ နဲ့ထိုးသတ်သွားမယ့် အောင်လအန်ဆိုင်း

9-7-2020-yyl-020.jpg

မြန်မာနိုင်ငံသား ကချင်လူမျိုးတစ်ယောက်ဖြစ်တဲ့ ONE Middleweight ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်းဟာ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ သုဝဏ္ဏအားကစားရုံတွင် မွေ့ထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အလိန် နာဂါလာနီ(Alain Ngalani) ရင်ဆိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။  အလိန်နာဂါလာနီဟာ ကျားသစ်နက်လို့ အမည်ရထားသူတစ်ယောက်ဖြစ်ပြီး MMA ပြိုင်ပွဲ ၇ ပွဲ မှာ ၃ ပွဲနိုင် ၃ ပွဲရှုံးထားသူတစ်ယောက်ဖြစ်ပါတယ်။ အလိန်နာဂါလာနီရဲ့ အဓိက အားသာချက်ကတော့ လျင်မြန်မှုနဲ့ အားပြင်းတဲ့ ခြေကန်ချက်ဖြစ်ပြီး ဒီ One Championship ပြိုင်ပွဲဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်ရပ်လည်း ဖြစ်လာမှာပါ။ ဒီယှဉ်ပြိုင်မှုဟာ အောင်လအန်ဆိုင်းရဲ့ ONE Middleweight ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ရယူဖို့အတွက် စိန်ခေါ်ပွဲတော့ မဟုတ်ပါဘူး။

ONE မစ်ဒယ်လ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆိုင်း က “ကျွန်တော်ကတော့ လှောင်အိမ်ထဲကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေပါတယ်။ ကမ္ဘာ့ချန်ပီယံ တစ်ယောက်အနေနဲ့ ကိုယ်နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ထိုးသတ်ခွင့်ရတာကို အစဉ်အမြဲ ဂုဏ်ယူလျက်ရှိပါတယ်။ ပြည်သူများရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကို တာဝန်တစ်ခုအနေနဲ့ ခံယူထားပါတယ်။ Alain Ngalani ဟာ ကျွန်တော် ရင်ဆိုင်ဖူးသမျှထဲမှာ ကိုယ်လုံးကိုယ်ထည် အထွားကျိုင်းဆုံး အသန်မာဆုံး ပြိုင်ဖက်တစ်ယောက် ဖြစ်ပေမဲ့ ကျွန်တော်ကတော့ စိတ်လှုပ်ရှားဖွယ် စိန်ခေါ်မှုတစ်ခုအနေနဲ့  အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ပြီး ပြိုင်ဖက်ကို အနိုင်ယူဖို့ ကြိုးစားသွားမှာပါ။”  လို့ပြောကြားခဲ့ပါတယ်။

ONE မွှေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ Alain Ngalani ကလည်း “အားကစားသမား တစ်ယောက်အနေနဲ့ ထိပ်ဆုံးကိုရောက်ဖို့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ယှဉ်ပြိုင်ရပါတယ်။ ကစားသမားတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့သူ ချန်ပီယံဖြစ်ဖို့ ဆန္ဒရှိကြသလို ကျွန်တော်ကလည်း ဒီပြိုင်ပွဲမှာ သမိုင်းမှတ်တိုင်သစ် ရေးထိုးနိုင်ဖို့ ရည်မှန်းထားပါတယ်။ နောင်နှစ်ပေါင်းများစွာ ပြောစမှတ် ပြုနေရမယ့် ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ပြိုင်ပွဲကြီးမှာ ပရိတ်သတ်များ စိတ်ကျေနပ်စေဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ပြီး ယှဉ်ပြိုင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ အောင်လအန်ဆိုင်းနဲ့အတူ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာစေဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။” ဟု ဆိုခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ONE Championship မှ တင်ဆက်ထားကာ သူရဲကောင်းတွေရဲ့ အိပ်မက်လို့ နာမည်ပေးထားပြီး မစ်ဒယ်ဝိတ်ချန်ပီယံ အောင်လအန်ဆိုင်းနဲ့ ဟဲဗီးဝိတ်ချန်ပီယံ အလိန် နာဂါလာနီတို့က ဝိတ်တန်းလွတ် ၅ ချီပွဲအနေနဲ့ ယှဉ်ပြိုင်သွားမှာပါ။ မစ်ဒယ်ဝိတ်တန်း အောင်လအန်ဆိုင်းနဲ့ ဟဲဗီးဝိတ်တန်း အလိန် နာဂါလာနီ တို့ရဲ့ပြိုင်ပွဲဟာ ဝိတ်တန်းကွာခြားချက်ကြောင့် ခေတ်သစ် “သမိန်ဗရမ်းနဲ့ ဂါမဏိ စီးချင်းထိုးပွဲ” လို့တင်စားခေါ်ဝေါ်ရမှာ ဖြစ်သလို့ မြန်မာ့စပါးအုံးနဲ့ ကျားသစ်နက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု တစ်ခုလည်း ဖြစ်ပါတယ်။

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top