အောင်လအန်ဆန်၏ အကောင်းဆုံးတိုက်စစ်ဗျူဟာ ၃ ခု

2-6-2020-yyl-023.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် မြန်မာအားကစားသမား “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ဟာ ရဲစွမ်းသတ္တိပြည့်ဝသူတစ်ယောက် ဖြစ် ပါတယ်။ Sanford MMA အသင်းသား ၎င်းဟာ ကစားသမားဘဝတစ်လျှောက် ၂၆ ပွဲနိုင်၊ ၁၀ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားပြီး ဘယ်လို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်စစ်ဖွင့်ထိုးသတ်လေ့ရှိသူပါ။ နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားတဲ့ အသက် ၃၅ နှစ်အရွယ် အောင်လအန်ဆန်ဟာ ကြိုးဝိုင်းနာမည် မြန်မာ့စပါးအုံးဆိုတဲ့အမည်နဲ့လိုက်ဖက်စွာပဲ ပြိုင်ဘက်ကိုချုပ်မိပြီဆိုရင် လွတ်မသွားအောင် ဖျစ်ညှစ်ကာ အနိုင်ယူလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာအားကစားသူရဲကောင်း အောင်လအန်ဆန်ရဲ့အကောင်းဆုံး တိုက်စစ်ဗျူဟာ ၃ ခုအကြောင်း ဖော်ပြလိုက်ပါတယ်။

၁။ ညာလက်သီး

အောင်လအန်ဆန်ရဲ့အကောင်းဆုံးသော တိုက်စစ်နည်းဗျူဟာတွေအနက် တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့နိုင်ပွဲတွေထဲက ၁၀ ပွဲလောက်ဟာ လက်သီးထိုးချက်တွေကြောင့် ရရှိခဲ့တာဖြစ်ပြီး အထူးသဖြင့် ညာလက်သီးထိုးချက်ပါပဲ။ မြန်မာ့စပါးအုံးရဲ့ညာလက်သီးက လျှပ်ပြက်သလို လျင်မြန်ပြီး အားပါပြင်းထန်လွန်းတာကြောင့် ပြိုင်ဘက်တွေကို တုံးခနဲ လဲပြိုနိုင်စွမ်းရှိပါတယ်။ နောက်ဆုံးထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ် တန်း သရဖူကာကွယ်ပွဲမှာ ဟဲဗီးဝိတ်တန်းချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Brandon “The Truth” Vera ကို အနိုင်ရခဲ့စဉ်ကလည်း ညာလက်သီးနဲ့ လဲကျစေကာ ဘယ်ဒူးတိုက်ချက်၊ ဘယ်လက်သီးတွဲလုံးတွေနဲ့ ဒိုင်ပွဲရပ်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပထမဆုံး မစ်ဒယ်ဝိတ် တန်းသရဖူကာကွယ်ပွဲတုန်းကလည်း စိန်ခေါ်သူ ဂျပန်လက်ဝှေ့သမား Ken Hasegawa ကို ပွဲပြီးခါနီး ဒိုင်ပွဲရပ်အနိုင်ယူစဉ်ကလည်း ညာ လက်သီးနဲ့ ပွဲသိမ်းနိုင်ခဲ့တာပါ။

မကျေနပ်တဲ့ Hasegawa က ဂျပန်မြေမှာ ထပ်မံစိန်ခေါ်တဲ့ပြိုင်ပွဲမှာလည်း ညာလက်သီးနဲ့ပဲ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ လက်ဘနွန်အား ကစားသမား Mohammad Karaki နဲ့ယှဉ်ပြိုင်တဲ့ မစ်ဒယ်ဝိတ်တန်းသရဖူကာကာကွယ်ပွဲကလည်း ညာလက်သီးကြောင့် ပွဲအစ ၂ မိနစ်၊ ၂၁ စက္ကန့်မှာတင် ပွဲသိမ်းမြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာယှဉ်ပြိုင်စဉ်ကလည်း ညာလက်သီးနဲ့အနိုင်ရတဲ့ပွဲက ၅ ပွဲလောက်ရှိခဲ့တာ က ၎င်းရဲ့အကောင်းဆုံးတိုက်စစ်ဗျူဟာလို့ ဆိုနိုင်ပါတယ်။

၂။ လည်ပင်းချုပ်ကွက်

စပါးအုံးမြွေဟာ သားကောင်တစ်ကောင်ကို ကိုယ်လုံးနဲ့ရစ်ပတ်မိပြီဆိုရင် အရိုးအဆစ်တွေပြုတ်ထွက်သွားတဲ့အထိ ညှစ်ပြီးမှသာ မြိုလေ့ရှိ ပါတယ်။ အညှစ်ခံရတဲ့သားကောင်ကတော့ ဘယ်လိုမှ လွတ်မြောက်နိုင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ဇီဝိန်ချုပ်သွားတာချည်းပါပဲ။ အောင်လရဲ့ချုပ်ကွက်ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ၎င်းရဲ့ချုပ်ကွက်အောက် ကျရောက်မိပြီဆိုရင် ပြိုင်ဘက်တွေအနေနဲ့ လွတ် မြောက်အောင် ရုန်းထွက်နိုင်တဲ့ အကြိမ်အရေအတွက်က နည်းပါးလွန်းပါတယ်။ ချုပ်ကွက်အောက် လည်စင်းပေးခဲ့ရသူတွေကတော့ အ များကြီးပါပဲ။

အီဂျစ်အားကစားသမား Mohamed Ali၊ ဟောင်ကောင်အားကစားသမား Alain Ngalani တို့နဲ့ ရန်ကုန်မှာထိုးသတ်ခဲ့တဲ့ပွဲတွေမှာဆိုရင် လည်း အောင်လဟာ အစပိုင်းမှာ အနိမ့်အနေအထားနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပရိသတ်တွေတောင် စိုးရိမ်စိတ်ဝင်ခဲ့ရတဲ့အထိ ဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ပြိုင်ဘက်ရဲ့ခေါင်းကို ချိုင်းအောက်ထည့်ကာ လက်နှစ်ဖက်နဲ့ ချုပ်ကိုင်လိုက်ချိန်မှာတော့ Ali နဲ့ Ngalani တို့အနေနဲ့ ရုန်းထွက်နိုင်အောင် ကြိုးစားပေမယ့် အရာမထင်ခဲ့ဘဲ ဒူးထောက်ခဲ့ရပါတယ်။ ပြိုင်ဘက်ရဲ့ခေါင်းကို မိမိချိုင်းအောက်မှာညှပ်ပြီး ချုပ်တဲ့ ချုပ်ကွက်ဗျူဟာကြောင့် အောင်လအနိုင်ရခဲ့တဲ့ ပွဲအရေအတွက်က ၆ ပွဲအထိရှိပါတယ်။

၃။ ခေါင်းနှင့်လက် တစ်ပေါင်းတည်းချုပ်ကွက်

ပြိုင်ဘက်ရဲ့ခေါင်းနဲ့ခန္ဓာကိုယ်ကို ခြေထောက်နှစ်ချောင်းနဲ့ မလှုပ်နိုင်အောင်ချုပ်ကာ လက်တစ်ဖက်ကိုလည်း ဆွဲချုပ်ထားတဲ့ ချုပ်ကွက်ဗျူ ဟာကို Armbar Submission လို့ခေါ်ပြီး အောင်လကျွမ်းကျင်တဲ့ နည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ Armbar ချုပ်ကွက်နဲ့ အနိုင်ရခဲ့တဲ့ ပွဲက တော့ ၅ ပွဲတိတိရှိပါတယ်။ ဒါပေမဲ့လည်း အောင်လရဲ့အဆိုပါ Armbar ချုပ်ကွက်နိုင်ပွဲတွေက အာရှမြေမှာယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေမှာမ ဟုတ်ဘဲ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာယှဉ်ပြိုင်စဉ်က ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top