ပွဲရွှေ့ဆိုင်းထားပေမယ့် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်နေတဲ့ အောင်လ

15-4-2020-yyl-020.jpg

ကမ္ဘာကြီးကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် စင်ကာပူအ ခြေစိုက် ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship အနေနဲ့ ပြိုင်ပွဲတွေကျင်းပမှုကို ရပ် ဆိုင်းထားပါတယ်။ ရောဂါကပ်ဆိုးကြီးကို ကျော်လွှားနိုင်ရင်၊ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့အချိန်ကျရင် ပရိသတ်အကြိုက် ပွဲ ကြီးပွဲကောင်းတွေကို ဆက်တိုက်ကျင်းပဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ချန်ပီ ယံခါးပတ်ကာကွယ်ပွဲထိုးသတ်ခွင့် ရွှေ့ဆိုင်းခံထားရသူတစ်ယောက်ကတော့ မြန်မာနိုင်ငံရဲ့အားကစားသူရဲကောင်း “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ပဲ ဖြစ်ပါတယ်။

ONE Championship မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ မူလက ဧပြီ ၁၀ ရက်မှာ မစ်ဒယ် ဝိတ်တန်း သရဖူကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ရုရှားအားကစားသမား Vitaly Bigdash နဲ့ ထိုးသတ်ဖို့ဖြစ်ပါတယ်။ အင်ဒိုနီး ရှားနိုင်ငံ၊ ဂျကာတာမြို့မှာပြုလုပ်မယ့် ONE: INFINITY 1 ပြိုင်ပွဲမှာ ၎င်းတို့နှစ်ယောက်ရဲ့မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတွဲဆိုင်းက အဓိ ကခေါင်တွဲဆိုင်းဖြစ်ပါတယ်။ အောင်လနဲ့ Bigdash တို့ဟာ ယခင်က နှစ်ကြိမ်ဆုံတွေ့ဖူးပြီး တစ်ယောက်တစ်ကြိမ်စီ အနိုင်ရထားပါ တယ်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ဂျကာတာမှာပြုလုပ်တဲ့ ONE: QUEST FOR POWER ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဆုံတွေ့စဉ်က လက်ရှိချန်ပီယံ Bigdash က စိန်ခေါ်သူ အောင်လကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်၊ ဇွန်လက ရန်ကုန်မှာပြုလုပ်တဲ့ ONE: LIGHT OF A NATION ပြိုင်ပွဲမှာတော့ အောင်လက အမှတ်နဲ့ ပြန်လည်အ နိုင်ယူကာ Bigdash ရဲ့မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၎င်းတို့နှစ်ဦးရဲ့တတိယအကြိမ် တွေ့ဆုံမှုကို အားလုံးက စိတ်ဝင်တစားရှိခဲ့ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ရွှေ့ဆိုင်းဖို့ ဖြစ်လာခဲ့တာပါ။ ONE Championship ဟာ ဂျကာတာမှာ လုပ်မယ့်ပြိုင်ပွဲကို ၎င်းတို့ရုံးချုပ်အခြေတည်ရာ စင်ကာပူနိုင်ငံမှာ တံခါးပိတ်ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် လည်း စင်ကာပူအစိုးရက နိုင်ငံခြားခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာကြောင့် ပြိုင်ပွဲကျင်းပမယ့်ရက်က နောက်ဆုတ်သွားခဲ့ပါ တယ်။ အဆိုပါပြိုင်ပွဲကို မေလ ၂၉ ရက်အထိ ရွှေ့ဆိုင်းထားပြီး အခြေအနေတွေတည်ငြိမ်မှုရှိလာခဲ့ရင် ကျင်းပဖို့ရှိပါတယ်။

အောင်လအနေနဲ့ Bigdash နဲ့ပွဲအတွက် ၂ လနီးပါး လေ့ကျင့်ပြင်ဆင်ထားခဲ့ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့အ ပေါ် အားမလိုအားမရဖြစ်နေပေမယ့် အကောင်းဘက်ကနေ မြင်ထားတယ်လို့ ပြောပါတယ်။ Sanford MMA အသင်းသား ၎င်းဟာ မစ် ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ဖို့အတွက် လေ့ကျင့်မှုတွေကို အကောင်းဆုံးပြုလုပ်ထားတယ်လို့ ဖွင့်ဟပါတယ်။ အောင်လမိသားစုနေထိုင်ရာ ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျောင်း၊ ဈေးဝယ်စင်တာ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံတွေ ပိတ်ထားသလို အားကစားပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။ ဒါကြောင့် ၂၆ ပွဲနိုင်၊ ၁၀ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားတဲ့ ၎င်းဟာ နေအိမ်အနောက်ဖက်က မြေကွက်လပ်မှာ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ လေ့ကျင့်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။

ဖလော်ရီဒါမှာလည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းက မြင့်တက်နေတာကြောင့် လူစုလူဝေးကိစ္စတွေကို တားမြစ်ထားပါတယ်။ ကျန်းမာရေးကို အထူးဂရုစိုက်တဲ့ အောင်လကလည်း အမေရိကန်အစိုးရရဲ့စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာတဲ့အနေနဲ့ ကိုယ့်ရဲ့နေအိမ်မှာပဲနေ ထိုင်ကာ လေ့ကျင့်မှုတွေကို တစ်ဦးတည်းသာ ပြုလုပ်လျက်ရှိပါတယ်။ ပြိုင်ပွဲက လတ်တလောမရှိသေးပေမယ့် လေ့ကျင့်မှုတွေကို အ ဆက်မပြတ်ပြုလုပ်နေမှသာ ပြန်လည်ကျင်းပတဲ့အချိန်ကျရင် အဆင်သင့်ဖြစ်နိုင်မယ်လို့ ၎င်းက ပြောပါတယ်။

“ခန္ဓာကိုယ်ကြံ့ခိုင်မှုအရရော၊ စိတ်ဓာတ်ပိုင်းအရပါ ပြိုင်ပွဲဝင်ဖို့ အဆင်သင့်ပဲ။ ကိုယ်အလေးချိန် အနေအထားကလည်း ကောင်းပါတယ်။ လက်ရှိမှာ ကိုယ်အလေးချိန်က ၁၀၅ ကီလိုကျော်ရှိပါတယ်။ ဒီအနေအထားကို ကျွန်တော်ကြိုက်တယ်။ လက်ရှိ ကိုယ်အလေးချိန်က မစ် ဒယ်ဝိတ်တန်းအတွက် အတော်ပဲ။ ပြိုင်ပွဲကို မေလ ၂၉ ရက်မှာ ပြန်လည်ကျင်းပမယ်လို့တော့ သိထားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က တော့ အကောင်းဆုံးရှေ့ဆက်သွားမယ်” လို့ အောင်လက ဆိုပါတယ်။

ONE: INFINITY 1 ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပဖို့ စီစဉ်နေတယ်လို့ သတင်းကြားပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ၎င်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာကြီးရဲ့လည်ပတ်ပုံက သဟဇာတမဖြစ်တော့သ လို လူသားတွေကြားထဲ အကြောက်တရားက လွှမ်းမိုးနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီအခြေအနေကို အကောင်းဘက်ကရှုမြင်ကာ တစ် ဦးအပေါ်တစ်ဦး စာနာထောက်ထားမှုအပြည့်နဲ့ နှလုံးသားချင်း နီးကပ်နေရမယ်လို့ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရထားတဲ့ ကချင်တိုင်းရင်း သားက တိုက်တွန်းပါတယ်။

“လက်ရှိအနေအထားကို အကောင်းမြင်ရမယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးက တဖြည်းဖြည်း နီးကပ်လာနေပြီ။ တစ်ယောက်နဲ့ တစ်ယောက် စာနာထောက်ထားမှုအပြည့် ရှိနေကြတယ်။ ကျွန်တော်တို့ စည်းလုံးကြမယ်။ ကျွန်တော်တို့က လူသားမျိုးနွယ်တွေပါ။ လူ သားမျိုးနွယ်စုနဲ့ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်ပိုး တိုက်ခိုက်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အတူတကွ လက်တွဲထားကြရမယ်” လို့ အောင်လက ပြောပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top