အန်တိုနီယာ၏ မွေးရပ်မြေ ကယားပြည်နယ်ရဲ့အလှအပများ

43951654_152662642354135_6121091178696802304_n-1.jpg

မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးပရော်ဖက်ရှင်နယ်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား အန်တိုနီယာဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာနေထိုင်တဲ့ ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသူတွေကို (Long Neck Lady) တွေအဖြစ်နဲ့ ကမ္ဘာ့တစ်ဝှမ်းက အသိများကြပါတယ်။

အန်တိုနီယာရဲ့ မွေးရပ်မြေ ကယားပြည်နယ်မှာ ထူးခြားတဲ့ရိုးရာယဉ်ကျေးမှုတွေအပြင် သဘာဝအတိုင်းလှပနေဆဲဖြစ်တဲ့ လည်ပတ်ချင်စရာနေရာများစွာလည်း တည်ရှိနေပါသေးတယ်။ ကယန်းတိုင်းရင်းသူ အန်တိုနီယာက သူ့ရဲ့ မွေးရပ်မြေကယားပြည်နယ်က ထင်ရှားလှပတဲ့နေရာတွေဆီ သွားရောက်လည်ပတ်ဖို့ အကြံပေးခဲ့ပါတယ်။

ရှေးဟောင်းရာဇဝင်တွေအရ ကိန္နရီ ကိန္နရာမောင်နှံကနေအစပြုတဲ့ ငွေတောင်ပြည် (သို့) ကယားပြည်နယ်ဟာ အေးချမ်းမှုအပြည့်အဝပေးနိုင်တဲ့ ဒေသတစ်ခုလို့ အန်တိုနီယာက ဆိုပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိမ်းစိုစိုရှိပြီး တောင်ကွဲစေတီပေါ်ကနေ မြင်ရတဲ့ရှုခင်းတွေ၊ ရှမ်းရိုးမအောက်က သစ်ပင်အုပ်ဆိုင်းဆိုင်းနဲ့ ရိုးသားတဲ့ တိုင်းရင်းသားကျေးရွာတွေကြောင့်လည်း ကယားပြည်နယ်ဟာ အေးအေးချမ်းချမ်းလေးနဲ့ လှပနေခဲ့တာပါ။

ပန်ပက်ကျေးရွာ
ပန်ပက်ကျေးရွာက ကယန်းလူမျိုးတွေနေထိုင်တဲ့ တိုင်းရင်းသားရွာလေးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကယားပြည်နယ်ရဲ့ ကျော်ကြားတဲ့အရပ်ဒေသတစ်ခုလည်းဖြစ်နေပါတယ်။ အကြောင်းကတေ့ အခုအန်တိုနီယာလိုပဲ လည်ပင်းမှာ ကွင်းတွေဝတ်ဆင်လေ့ရှိတဲ့ ကယန်းတိုင်းရင်းသူတွေကို ပန်ပက်ရွာအတွင်း တွေ့မြင်နိုင်တာကြောင့်ပါပဲ။

ပန်ပက်ကျေးရွာကိုအလည်သွားရင်း တိုင်းရင်းသူအမျိုးသမီးတွေကိုယ်တိုင်ရက်လုပ်ထားတဲ့ ရိုးရာအထည်တွေ၊ လက်မှုပစ္စည်းတွေကို လေ့လာနိုင်တဲ့အပြင် အမှတ်တရလက်ဆောင်တွေလည်း ဝယ်ယူနိုင်မှာပါ။ ပန်ပက်ကျေးရွာရဲ့ နာမည်ကြီးဒေသအစားအစာတွေကိုလည်း မြည်းစမ်းကြည့်သင့်တယ်လို့ အန်တိုနီယာက ထပ်ပြီးအကြံပြုခဲ့ပါတယ်။

ပန်ပက်ကျေးရွာရဲ့ ရိုးရာခရုဟင်းရည်နဲ့ ခေါင်ရည်က နာမည်ကျော်အရာတွေပါ။ ကျေးရွာအတွင်း လည်ပင်းမှာ ၁ ပိသာ လောက်လေးတဲ့ ကြေးကွင်းတွေကို နေ့စဉ်မချွတ်တမ်းဝတ်ဆင်ပြီး တောင်ယာစိုက်၊ ယက်ကန်းရက်၊ အိမ်မှုကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့ ကယန်းအမျိုးသမီးတွေရဲ့ ကြံခိုင်မှုနဲ့ စိတ်ဓာတ်ခွန်အားကို လေးစားစံပြုဖွယ် မြင်တွေ့နိုင်ပါတယ်။ ကယန်းတိုင်းရင်းသူ အန်တိုနီယာဆီမှာလည်း အဲဒီစိတ်ဓာတ်တွေစီးဆင်းနေလို့သာ မြန်မာနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးပရော်ဖက်ရှင်နယ်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။

ငွေတောင်ဆည်
ငွေတောင်ပြည်လို့နာမည်ကြီးတဲ့ ကယားပြည်နယ်မှာ ငွေတောင်ဆည်က ဒေသအလှအပတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ငွေတောင်ဆည်ကို ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်ဆိုတဲ့ တောင်သုံးလုံးနောက်ခံထား တည်ဆောက်ထားလို့ တောင်သုံးလုံးရဲ့ပုံရိပ်တွေဟာ ငွေတောင်ဆည်အတွင်း လာရောက်ထင်ဟပ်နေပြီး အနားယူအပန်းဖြေဖို့ အကောင်းဆုံးနေရာဖြစ်နေပါတယ်။

ငွေတောင်ဆည်ဟာ မြန်မာနိုင်ငံရဲ့အထင်ကရနေရာတွေထဲမှာ အပါအဝင်ဖြစ်ပြီးစာဖွဲ့ရလောက်တဲ့ အလှတရားတွေ ပြည့်နှက်နေပါတယ်။ လတ်ဆတ်တဲ့လေညင်းကို ရှုရှိုက်ရင်း သဘာဝတရားရဲ့ အနှစ်သာရကို ကြိုက်နှစ်သက်သူတိုင်း သွားရောက် လည်ပတ်သင့်တဲ့နေရာတစ်ခုပါ။

ကန်ခုနှစ်ဆင့်
ကန်ခုနှစ်ဆင့်က မြန်မာ့ရိုးရာရှေးဟောင်းရာဇဝင်ဖြစ်တဲ့ ”နတ်သမီးခုနှစ်ဖော်မှ ဒွေးမယ်နော်နှင့် သုဓနုမင်းသား” တို့ရဲ့ ဇာတ်လမ်းဖြစ်တည်ရာဖြစ်ပါတယ်။ ကန်ခုနှစ်ဆင့်လို့ ခေါ်ကြတာကတော့ ရေကန်ကြီးခုနှစ်ကန်ဟာ တောင်ခြေရင်းမှာတန်းစီပြီး တည်ရှိနေခြင်းကြောင့်ပါ။ အလွန်လှပတာကြောင့် ကယားပြည်နယ်ကို လည်ပတ်သူများအများဆုံးလာရောက်တဲ့နေရာဖြစ်ပါတယ်။

ကန်ခုနှစ်ဆင့်သည့် ကယားပြည်နယ်ရောက်ရှိရင် သွားရောက်သင့်တဲ့၏နေရာတစ်ခုအဖြစ် အန်တိုနီယာက ရွေးချယ်ပေးထားပါတယ်။ “ဒီနေရာက သာယာလှပလွန်းပြီး စိတ်လက်နှစ်ခုလုံးကို ကြည်သာစေပါတယ်။ သဘာဝရှုခင်းတွေကို တစ်ဝကြီး ခံစားရစေမှာပါ” ဟု အန်တိုနီယာကဆိုသည်။
ကန်ကြီးတွေဘေးမှာ မြက်ခင်းစိမ်းနဲ့ သစ်ပင်တွေရှိတာကြောင့် မိသားစုလိုက်ပျော်ပွဲစားခရီးစဉ်တွေအတွက် အလွန်သင့်တော်သည့်နေရာဖြစ်ပါတယ်။

တောင်ကွဲစေတီ
တောင်ကွဲစေတီက ကယားပြည်နယ်၊ လွိုင်ကော်မြို့ရဲ့ ပြယုဒ်ဖြစ်တယ်လို့အန်တိုနီယာက ဆိုပါတယ်။ ကျောက်တောင်ကြီးတစ်ခုထဲက အက်ကွဲ ကြောင်းကြီးတွေဖြာထွက်ကွဲအက်နေပြီး အံ့သြဖွယ်ကျောက်တောင်တွေပေါ်မှာ စေတီတည်ထားတာကြောင့် တောင်ကွဲစေတီလို့ ခေါ်တွင်ခြင်းဖြစ်ပါတယ်။

တောင်ကွဲတစ်ခုနဲ့တစ်ခုကြားကို ဆက်သွယ်ပေးထားတဲ့ အုတ်လှေကား၊သံလှေကား၊ သံဘောင်သစ်သားတံတားတွေကတစ်ဆင့် တောင်စွယ်အစုစု ကိုးစွယ်ပေါ်မှာတည်ထားတဲ့ စေတီလေးတွေကို တက်ရောက်ဖူးမြှော်နိုင်ပါတယ်။

တောင်ပေါ်ကိုတက်ဖို့ လှေကားထစ်တွေကတဆင့် တက်ရောက်နိုင်သလိုဓာတ်လှေကားနဲ့လည်း အလွယ်တကူ တက်ရောက်ဖူးမျှော်နိုင်ပါတယ်။ ညတောင်ပေါ်ရောက်ရှိသွားရင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ တစ်မြို့လုံးရဲ့အလှတရားကို အပေါ်စီးကနေ မြင်တွေ့ခံစားနိုင်ပါတယ်။
တောင်ကွဲစေတီက နေဝင်ချိန်ကို ကြည့်ရှုဖို့ အသင့်တော်ဆုံးနေရာလည်းဖြစ်ပါတယ်။

ထီးစဲခါးရေတံခွန်
ထီးစဲခါးရေတံခွန်ရဲ့လှပမှုက ကယားပြည်နယ်ရဲ့ဂုဏ်ကိုပေါ်လွင်စေပါတယ်။ လှပပြီးသာယာသလို အေးချမ်းတိတ်ဆိတ်မှုကြောင့် ကယားပြည်နယ်ကိုလာရောက်လည်ပတ်သူတိုင်း ထီးစဲခါးရေတံခွန်ကို သွားရောက်အပန်းဖြေတတ်ကြပါတယ်။

တစ်ခေါက်ရောက်ဖူးပြီးသူကိုလည်း နောက်တစ်ခေါက်ထပ်လာချင်အောင် ထီးစဲခါးရေတံခွန်ရဲ့အလှက ဆွဲဆောင်ထားပါတယ်။ ထီးစဲခါးရေတံခွန်ဟာ ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်ထိစပ်နေတဲ့ နယ်စပ်ကြားမှာ သဘာဝအတိုင်းတည်ရှိနေတဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top