ကပ်ပါးပိုး ပျံ့နှံ့နေလို့ သြစတြေးလျမှာ ပျားတွေကို Lockdown ချ

29-6-2022-yyl16.jpg

သြစတြေးလျနိုင်ငံမှာ ကပ်ပါးပိုးတစ်မျိုး တွေ့ရှိခဲ့ပြီးနောက် ပျားအကောင်ရေ သန်းချီကို အသွားအလာထိန်းချုပ်ထားပြီး ပျားအကောင်ရေထောင်ချီကို ဖျက်ဆီးပစ်ရတော့မှာပါ။ပြီးခဲ့တဲ့သီတင်းပတ်က ဆစ်ဒနီမြို့အနီး ဆိပ်ကမ်းမှာ varroa destructor ကပ်ပါးပိုးကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ ပျားအိမ်တွေမှာပါ အဲဒီကပ်ပါးပိုးကို တွေ့ရှိခဲ့ပါတယ်။

အဲဒီကပ်ပါးပိုး ပျံ့နှံ့မှုဟာ သြစတြေးလျနိုင်ငံရဲ့ ပျားမွေးမြူရေးနဲ့ အစားအစာ ထုတ်လုပ်ရေးလုပ်ငန်းကို ဒေါ်လာသန်းချီ ဆုံးရှုံးနစ်နာစေနိုင်ပါတယ်။ နောက်ထပ်တစ်စုံတစ်ရာ ထုတ်ပြန်မှုမလုပ်မချင်း ဇီဝလုံခြုံရေးဇုန်သစ်ထဲမှာရှိတဲ့ ပျားမွေးမြူသူတွေအနေနဲ့ ပျားအိမ်တွေ၊ ပျားတွေ၊ ပျားအုံတွေကို ရွှေ့ပြောင်းသယ်ယူခွင့်မရှိပါဘူး။

ယခင်က ကမ္ဘာပေါ်မှာ သြစတြေးလျနိုင်ငံတစ်နိုင်ငံတည်း varroa mites ကပ်ပါးပိုးကင်းစင်ခဲ့တာဖြစ်ပါတယ်။ နှမ်းတစ်စေ့လောက်ပဲ အရွယ်အစားရှိတဲ့ အဲဒီကပ်ပါးကောင်ဟာ ပျားတွေရဲ့ ခန္ဓာကိုယ်ကို စားသုံးပြီး ဗိုင်းရပ်စ်တွေ ထုတ်လွှတ်တာ ဖြစ်ပါတယ်။

နယူးဆောက်ဝေးလ်ပြည်နယ်တစ်ဝန်းက တည်နေရာ ၇ ခုမှာ ကပ်ပါးပိုးတွေ့ရှိခဲ့ပြီးနောက် ပိုးပျံ့နှံ့မှုကို ကန့်သတ်တားဆီးဖို့ အာဏာပိုင်တွေက ဇီဝလုံခြုံရေးစည်းမျဉ်းအများအပြား ထုတ်ပြန်ခဲ့ပါတယ်။

ကပ်ပါးပိုး ကူးစက်ခံရတဲ့ တည်နေရာကနေ ၁၀ ကီလိုမီတာအတွင်းမှာရှိတဲ့ ပျားအိမ် (၄၀၀) နီးပါးကို ဖျက်ဆီးသွားမှာဖြစ်ပြီး ၂၅ ကီလိုမီတာအတွင်းမှာရှိတဲ့ ပျားအိမ်တွေကိုတော့ စစ်ဆေးစောင့်ကြည့်သွားမှာပါ။

ကပ်ပါးပိုး ကူးစက်ပျံ့နှံ့မှု ဆက်လက် ဖြစ်ပွားခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း ပျားမွေးမြူရေးလုပ်ငန်းတစ်ခုတည်းမှာတင် အမေရိကန်ဒေါ်လာ ၄၈ သန်း ဆုံးရှုံးနစ်နာရမယ်လို့ နယူးဆောက်ဝေးလ်ပြည်နယ် မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အယ်မွန်၊ ပန်းသီးနဲ့ ထောပတ်သီးတွေအပါအဝင် သြစတြေးလျနိုင်ငံရဲ့ အစားအစာထုတ်လုပ်မှု ၃ ပုံ၊ ၁ ပုံလောက်ဟာ ပျားတွေရဲ့ ဝတ်မှုန်ကူးမှုကို မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

Ref: BBC ” Australia honey bees put in lockdown due to deadly varroa parasite”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top