ခက်ခဲနေတဲ့ကလေးတွေအတွက် ပေါင် ၃၄၀၀ဖိုး ခရစ်စမတ်လက်ဆောင်တွေပေးခဲ့တဲ့ ဆန်တာကလော့

14-12-2020-yyl-013.jpg

လိဒ်(စ်)မြို့က ရီဆဲ ဖလက်ချာ (Reese Fletcher) ဆိုတဲ့ အမျိုးသား (၁) ဦးကတော့ သူ့ရဲ့အပေါင်းအဖော်တွေနဲ့အတူ လိုအပ်နေတဲ့ကလေးတွေအတွက် ပိုက်ဆံ ပေါင် ၃၀၀၀ ကျော်ဖိုးလက်ဆောင်တွေပေးခဲ့ပြီးတဲ့နောက်မှာ အပြင်လက်တွေ့မှာရှိတဲ့ ဆန်တာကလော့ဖြစ်လာခဲ့ပါတယ်။ သူဟာ Forward Leeds ပရဟိတအဖွဲ့ရဲ့ ဗီဒီယိုတစ်ခုကို မြင်တွေ့ပြီး အခုလိုလှူဒါန်းချင်စိတ်တွေဖြစ်လာခဲ့တာပါ။ ဖလက်ချာက သမီးလေး (၂) ဦးရှိတဲ့ Single father တစ်ယောက်ဖြစ်ပါတယ်။ သူက အကူအညီလိုအပ်နေတဲ့ကလေးတွေအတွက် အရုပ်များစွာဝယ်ယူပေးပြီး ပရဟိတကနေတဆင့် ကူညီပေးချင်ခဲ့တာပါ။

ဖလက်ချာက ခြံစည်းရိုးတပ်ဆင်ရေးနဲ့အလှဆင်ရေးလုပ်ငန်းကို လုပ်ကိုင်နေတာပါ။ သူ့လုပ်ငန်းကနေ မသုံးဖြစ်လို့ကျန်နေတဲ့သစ်သားတွေနဲ့ သစ်သားခရစ်စမတ်သစ်ပင် (၂၆၀) ပြုလုပ်ပြီး ရောင်းချခြင်းဖြင့် (၁၀) ရက်အတွင်းမှာ ပေါင် ၃၄၀၀ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဖလက်ချာက ခရစ်စမတ်သစ်ပင်တွေကို ရောင်းချပြီး ရလာခဲ့တဲ့ငွေတွေနဲ့ အရုပ်ဆိုင်ကို သွားပြီး ကလေးတွေအတွက် လက်ဆောင်တွေအများကြီးဝယ်ယူခဲ့ပါတယ်။

“ဒီက ကြိုးစားအားထုတ်မှုရဲ့ရလဒ်ပါပဲ။ ကလေးတွေ လက်ဆောင်တွေရအောင်ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ရဲ့ဗီဒီယိုကို ကျွန်တော်ကြည့်ဖြစ်ခဲ့တယ်။ အဲဒါကို မြင်ပြီး ကျွန်တော် လှူဒါန်းချင်စိတ်တဖွာဖွာပေါ်လာခဲ့တယ်။ အစက ကျွန်တော် ပေါင် ၅၀ ပဲ လှူဒါန်းနိုင်မယ်လို့ ထင်ခဲ့တာ။ အဲဒီညမှာ ကျွန်တော့်လုပ်ငန်းကနေ မသုံးဖြစ်တော့ဘဲ ကျန်နေတဲ့သစ်သားတွေကို ကျွန်တော်မြင်ခဲ့တယ်။ အဲဒါနဲ့ပဲ သစ်သားခရစ်စမတ်သစ်ပင်တွေလုပ်မယ်ဆိုတဲ့ စိတ်ကူးပေါ်လာခဲ့တယ်။ တစ်ခုကို ပေါင် ၁၀ နဲ့ ရောင်းချပါတယ်။ ဒါတွေက သစ်သားသစ်ပင်သေးသေးလေးတွေပါပဲ။ အရင်ဆုံး အခု (၁၀၀) ရောင်းမယ်လို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်လုပ်ငန်းရဲ့fb ပေ့ချ်မှာ အရောင်းပို့စ်တင်ပြီးပြီးချင်းမှာ ရောင်းကုန်သွားခဲ့ပါတယ်။ အဲဒါနဲ့ အခု ၁၅၀ ထိ တိုးပြီး ရောင်းတော့လည်း ကုန်သွားတာပါပဲ။ နောက်တော့ အခု ၂၆၀ နဲ့ ရောင်းချတာကို အဆုံးသတ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

သစ်သားခရစ်စမတ်သစ်ပင်တစ်ခုကို ပေါင် ၁၀ နဲ့ရောင်းပေမဲ့ တချို့လူတွေက ပေါင် ၂၀ ပေးပြီး ဝယ်ယူကြပါတယ်။ မှာယူတဲ့သူတွေလည်း ရှိလာပါတယ်။ သစ်သားခရစ်စမတ်သစ်ပင်လုပ်ဖို့အတွက် သူ့ရဲ့အပေါင်းအဖော်တွေကလည်း ဖလက်ချာကို ကူညီပေးခဲ့ပါတယ်။ ဖလက်ချာက လှူဒါန်းမယ့်ပစ္စည်းတွေကို Malcolm Michaels Butchers မှာ သွားမထားခင် အရုပ်ဆိုင်ကနေ လက်ဆောင်ပစ္စည်းတွေဝယ်ယူခဲ့ပါတယ်။ ကလေးတွေအကုန်လုံးနဲ့ အဆင်ပြေနိုင်မယ့်ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူခဲ့တာပါ။ စကူတာဘီးလေးတွေ၊ စက်ဘီးလေးတွေ၊ Remotw Control ပါတဲ့ကားလေးတွေ၊ ဒရုန်းတွေ၊ အရုပ်တွေအစုံပဲဝယ်ယူခဲ့တာပါ။ ပစ္စည်းတွေကတော့ လက်တွန်းလှည်း (၉) ခုနဲ့အပြည့်ပါပဲ။

အရုပ်ဆိုင်ကလည်း ဖလက်ချာတို့ကို ၁၀ ရာခိုင်နှုန်းလျော့ဈေးပေးတဲ့အတွက် လျော့ဈေးရတဲ့ပြန်အမ်းငွေအတွက် ပစ္စည်းပိုဝယ်ဖြစ်ခဲ့ကြပါတယ်။ ဖလက်ချာနဲ့သူ့အပေါင်းအဖော်တွေက အရုပ်ဆိုင်မှာတင် (၃) နာရီကြာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လှူဒါန်းပစ္စည်းတွေကို စုဆောင်းပေးတဲ့ Malcom’s Butchers မှာ လက်ဆောင်ပစ္စည်းတွေကို သွားထားခဲ့ပါတယ်။ ဖလက်ချာက သစ်သားခရစ်စမတ်လက်ဆောင်တွေကို ဝယ်ယူပေးတဲ့လူတိုင်းကို ကျေးဇူးတင်စကားဆိုထားတဲ့အပြင် ခရစ်စမတ်ဆိုတာက ပျော်ရွှင်စရာကောင်းတဲ့အချိန်အခါရှိဖို့လိုအပ်ပြီး အခုနှစ်က လူတိုင်းအတွက် အဆင်မပြေတဲ့နှစ်ဖြစ်ပေမဲ့ ကလေးတွေအတွက် ပိုကောင်းတဲ့ခရစ်စမတ်အချိန်ဖြစ်စေမယ်လို့လည်း ဆိုထားပါတယ်။

Ref: Ladbible “Real-Life Santa Spends £3,400 In Toy Shop And Donates Haul To Kids In Need”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top