အခြားစကြဝဠာကလာတယ်လို့ ယူဆရတဲ့ ထူးဆန်းရေဒီယိုလှိုင်းတွေကို ဖမ်းယူရရှိ

43951424_1397197327078676_627446991974039552_n.jpg

ဩစတြေးလျနိုင်ငံကသုတေသနပြုသူတွေဟာ အင်အားကောင်းမွန်တဲ့ ရေဒီယိုလှိုင်းတွေကို အာကာသရဲ့ နက်ရှိုင်းတဲ့နေရာတွေကနေ ဖမ်းယူရရှိခဲ့တယ်လို့ သိရပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ အနောက်ပိုင်းမှာ တည်ရှိတဲ့ (CSIRO) ရေဒီယိုလှိုင်းဖမ်းယူရေးဌာနကနေ အင်အားအတော်ကောင်းမွန်ပြီး ထူးဆန်းတဲ့ လှိုင်း ၁၉ ခုကို ဖမ်းယူရရှိခဲ့ပြီး

ဒီထဲက တော်တော်များများကိုလည်း ဆွမ်းဘာန်း (Swinburne) နည်းပညာ တက္ကသိုလ်မှာလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလှိုင်းတွေဟာ အလင်းနှစ် သန်းပေါင်းများစွာကွာဝေးတဲ့နေရာကလာတာ ဖြစ်ပြီး သိပ္ပံပညာရှင်တွေကတော့ ဒီလှိုင်းတွေ ဘယ်ကလာတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိပါဘူး။ ပြီးတော့ ဒီလှိုင်းတွေမှာ နေကရတဲ့ စွမ်းအင်ရဲ့ နှစ် ၈၀ စာလောက်ရှိတဲ့ စွမ်းအင်တစ်မျိုးပါဝင်နေပါသေးတယ်။ အခုဖမ်းယူရရှိခဲ့တဲ့ လှိုင်းတွေဟာ ၂၀၀၇ ခုနှစ်တုန်း ဖမ်းယူရရှိခဲ့တာထက် ၂ ဆလောက်များနေခဲ့တာပါလို့ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ရိုင်ယန် ရှန်နွန် (Ryan Shannon) ကပြောပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ ဒီလိုလှိုင်းအမျိုးအစားဟာ နှစ်သန်းပေါင်းများစွာကြာအောင် ခရီးသွားလာနိုင်ပြီးတော့ တစ်ခါတရံတော့ ဓာတ်ငွေ့တိမ်တိုက်တွေကို ဖြတ်သန်းသွားလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလှိုင်းတွေဟာ ကျွန်တော်တို့နဂါးငွေ့တန်းဂလက်ဆီရဲ့ အပြင်ဘက်ကနေ လာတာဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။ (အပြိုင်စကြဝဠာတွေများစွာရှိနေတာကို သိထားရပါမယ်)

သိပ္ပံပညာရှင်တွေကတော့ ဒီလှိုင်းတွေထက်စာရင် ဒီလောက်အကွာအဝေးအထိ သူတို့ကို ပို့ပေးနိုင်တာ ဘယ်လိုပစ္စည်း မျိုးဖြစ်မလဲဆိုတာ ပိုမို စိတ်ဝင်စားကြပါတယ်။ အာကာသဆိုင်ရာပညာရှင်တွေရဲ့ မှန်းဆချက်အရ အင်မတန်ကြီးမားတဲ့ နျူထရွန်ကြယ်လိုမျိုးအရာကနေ လာတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ ဒီထက်ပိုပြီး စွန့်စားတွေးတောရရင်တော့ ကျွန်တော်အချင်းချင်း ရှာဖွေမတွေ့ရှိကြသေးတဲ့ အခြားစကြဝဠာက ဂြိုဟ်သားတွေဆီကလာတာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ (တကယ်တော့ ကျွန်တော်တို့တွေလည်း Earth ဆိုတဲ့ ဂြိုဟ်ပေါ်မှာ နေထိုင်ကြတာမို့လို့ အခြားစကြဝဠာကအရာတွေရဲ့အမြင်မှာ ကျွန်တော်လည်း ဂြိုဟ်သား တွေပါပဲ)

ဒီလှိုင်းတွေဟာ ယာယီသာ တည်မြဲခဲ့ပြီး ကြုံရာကျပန်း ဖြစ်ပေါ်နေတာပါ။ သူတို့ကို ဖမ်းယူဖို့ရော နားလည်ဖို့ရော အတော်ခက်ပါတယ်။ သူတို့ဟာ ကြယ်တွေ ပေါက်ကွဲလို့ ထွက်လာတဲ့ လှိုင်းတွေလား၊ ဂြိုဟ်သားတွေဆီက အမှာစကားပေးပို့တာမျိုးလား ဆိုတာတော့ ခန့်မှန်းရခက်လှပါတယ်။ ဒီလိုလှိုင်းအမျိုးအစားတွေကို ၂၀၀၁ ခုနှစ် ကတည်းက စတင်လေ့လာတွေ့ရှိခဲ့ပေမယ့်လည်း အင်မတန်တိုတောင်းပြီး ကြုံရာကျပန်း ဖြစ်နေတာကြောင့် လှိုင်းတွေကို မဖမ်းယူနိုင်ခဲ့ပါဘူး။

( စကြဝဠာတစ်ခုဟာ အတိုင်းအဆ မရှိကျယ်ပြန့်ပါတယ်။ ပြန့်ကားနေတဲ့စကြဝဠာ ဖြစ်တာကြောင့်လည်း ပိုမိုကြီးထွား ကျယ်ပြန့်နေပါသေးတယ်။ အဲဒီအပြင် ကျွန်တော်တို့နဲ့ အပြိုင်ဖြစ်နေတဲ့ တခြားသော စကြဝဠာ တွေရှိနေပါသေးတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဌာနေ မစ်ကီဝေးဂလက်ဆီရဲ့ အစွန်းကိုတောင် မသွားနိုင်သေးပါဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာဟာ ဘယ်လောက်တောင် သေးငယ်လှတယ်ဆိုတာကို ပုံပါအတိုင်း လေ့လာနိုင်ပါတယ်။ ကမ္ဘာအပါအဝင် နေအဖွဲ့အစည်းထဲက ဂြိုဟ်တွေကို ပေါင်းပြီး Solar System လို့ခေါ်ပါတယ်။ Solar system ပေါင်း ဘယ်လောက်ရှိသလဲ လို့ ခန့်မှန်းလို့မရပါဘူး။ ကျွန်တော်တို့နေထိုင်တဲ့ မစ်ကီဝေးဂလက်ဆီတစ်ခုတည်းမှာတင် နေလို ကြယ်ပေါင်း သန်း ၂၀၀ ခန့်ရှိနေပါတယ်။ Solar System တွေများစွာ ပေါင်းစပ်နေတာကို Galaxy လို့ခေါ်ပါတယ်။ Galaxy ပေါင်းများစွာ ဖြစ်လာရင်တော့ Local Group လို့ခေါ်ပါတယ်။ Local Group ပေါင်းများစွာ ဖြစ်လာရင် Supercluster လို့ခေါ်ပြီး Supercluster ပေါင်းများစွာကိုတော့ Universe အဖြစ်သတ်မှတ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အဲဒီလို Universe ပေါင်း မရေတွက်နိုင်အောင် ရှိနေသေးတယ် ဆိုတာပါပဲ။ )

Ref: BBC ”Australian researchers Double the number of known fast radio burst”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top