ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို အလွန်အကျွံ လုပ်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကြွက်သားမျှင် ပျက်စီးတဲ့ရောဂါ

43828229_337632910326789_362088562214043648_n.jpg

တန်ရင်ဆေး လွန်ရင်ဘေး ဆိုတဲ့စကားက အခုတင်ပြပေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး အပြည့်ဝဆုံး ခြုံငုံပေးမယ့် အဓိပ္ပာယ်ပဲ ဖြစ်ပါလိမ့်မယ်။ သဘာဝ နေရောင်ခြည်ဟာ လူ့အသားအရည်ကို ဗီတာမင်ဒီ ဖြည့်ပေးပါတယ်။ လွန်ကဲလာတဲ့ နေရောင်ခြည်ဒဏ်ကို ခံစားရရင်တော့ ဒီအသားအရည်ကိုပဲ ဖျက်ဆီးပစ်လိုက်ပြန်ပါတယ်။

ဒီလိုပါပဲ။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာရေးကောင်းတယ်။ လူလှတယ်ဆိုတဲ့အမြင်နဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အချိန်အဆကို အရင်မသိသေးဘဲ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်ကို အားစိုက်ပြီး လုပ်လိုက်တတ်ကြတာမျိုး ကျွန်တော်တို့ အတော်များများ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

အထူးသဖြင့် အားကစားကို စလုပ်တဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ကိစ္စပါ။ ကိုယ်ခန္ဓာရဲ့ အတွင်းပိုင်းမှာ ကြွက်သားနာတာ၊ ပန်းတာ၊ မောတာ မသိဘူး။ မျက်စိနဲ့မြင်ရတဲ့ သွေးထွက်သံယို မဖြစ်သေးသရွေ့ ဂရုမထားတတ် ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ကြွက်သားမှာ ဒဏ်ဖြစ်အောင် ညှဉ်းပန်း အနိုင်ကျင့်လိုက်သလို ဖြစ်သွားတတ်ပါတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်းနဲ့ အားကစားကို ပုံမှန်လုပ်ပေးတာက စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေး နှစ်ခုစလုံးကို အင်မတန် အထောက်အကူပြုတာ အမှန်ပါပဲ။ အလွန်အကျွံ အားကစား လုပ်တတ်ကြတဲ့ အလေ့ကြောင့် ကြွက်သားမှာ ဒဏ်ပိပြီး Rhabdomyolysis လို့ခေါ်တဲ့ ကြွက်သားတွေ ပျက်စီးလို့ ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးကို ဒီဘက်ခေတ်ထဲ ပိုကြုံလာကြတာကို တွေ့ရပါတယ်။ Rhabdomyolysis ရောဂါရဲ့ အတိုကောက်ကိုတော့ Rhabdo လို့ ခေါ်ပါတယ်။ ရှားပါးရောဂါ တစ်မျိုးဖြစ်ပြီး အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ခြိမ်းခြောက်နိုင်စွမ်းတာပါ။

Rhabdo ရောဂါကို ပထမဆုံးစပြီး စစ်ဆေးတွေ့ရှိနိုင်ခဲ့တာက ၁၉၄၀ ခုနှစ်ဝန်းကျင်ပါ။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်သားတစ်ယောက်ဆီမှာ ဒီရောဂါ ဖြစ်ခဲ့ပါတယ်။ ကိုယ်ကာယပိုင်း ပင်ပန်း ကြမ်းတမ်းစွာ လုပ်ကိုင်ရတဲ့ စစ်သားတွေနဲ့ မီးသတ်လုပ်သားတွေမှာလည်း ဒီရောဂါဖြစ်ဖို့ အခွင့်အရေးများပါတယ်။

နယူးယောက်မြို့ရဲ့ အရေးပေါ် ဆေးခန်းတွင်း မှတ်တမ်းအရ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ရင်း Rhabdo ရောဂါဖြစ်ခဲ့တဲ့ ဝေဒနာသည်ဦးရေဟာ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ ၂၉ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

Rhabdomyolysis ရဲ့ သဘောသဘာဝနဲ့ လက္ခဏာ

လူဟာ အလွန်အမင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ပြီး ကြွက်သားရဲ့ ခံနိုင်ရည်ဒဏ်ကို လွန်ကျူးသွားတဲ့ Breaking point ကို ရောက်တဲ့အချိန်မျိုးနဲ့ ကြွက်သားကို မနိုင်ဝန် ထမ်းခိုင်းပါများလာရင် Rhabdo ရောဂါ ဝင်လာနိုင်ပါတယ်။ Rhabdo ရဲ့ သဘောသဘာဝက ကြွက်သားမျှင်တွေ ပြိုကွဲ ပျက်စီးသွားတာပါ။

ဒီအချိန်မှာ ကြွက်သားထဲက myoglobin ပရိုတင်းဓာတ် ပမာဏ အမြောက်အများဟာ ခန္ဓာကိုယ်ထဲ လှည့်ပတ်နေတဲ့ သွေးထဲ ထုတ်လွှတ်ခြင်း ခံရပါတယ်။ ပုံမှန်အားဖြင့် သွေးထဲက အဆိပ်တွေကို ကျောက်ကပ်က စွန့်ထုတ်ပစ်နိုင်ပေမယ့် ပုံမှန်ထက် လွန်ကဲတဲ့ Myoglobin အညစ်အကြေး ပမာဏ စုပုံသွားရင်တော့ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။

ရောဂါ လက္ခဏာတွေအနေနဲ့ ကြွက်သားတွေမှာ အထိအကိုင် မခံနိုင်အောင် နာကျင်နေလေ့ရှိပြီး ကိုက်ခဲ တင်းတောင့်နေတတ်တယ်။ လူက မောပန်းနွမ်းနယ်လာတယ်။ ဆီးသွားတဲ့အခါ ဆီးအရောင်က အနီရောင် (သို့) အညိုရောင် သန်းလာတတ်တယ်။ ဆီးထဲ သွေးပါတာ မဟုတ်ပါဘူး။ သွေးထဲက Myoglobin ဓာတ်ကြောင့်ပါပဲ။

လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး အနားယူနေချိန်တွေမှာ လုံလောက်တဲ့ ရေဓာတ် မဖြည့်တင်းမှုက ဒီရောဂါရဲ့ တရားခံလို့ ပြောလို့ရပါတယ်။ လေ့ကျင့်ခန်း အရှိန်မြင့်လာချိန်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းသွားစေပြီး ကြွက်သားတွေကို အားယုတ်သွားစေပါတယ်။ ခန္ဓာကိုယ် ရေဓာတ်နည်းတာက Rhabdo ဖြစ်လာစေတဲ့ အဓိက လမ်းကြောင်းပါပဲ။ ဒါ့ကြောင့် Rhabdo အတွက် ဆေးကုသမှု ခံယူရတဲ့အခါ အရည် ဓာတ်လုံလောက်အောင် ပြန်လည်ဖြည့်တင်းပေးတဲ့ IV fluids ဆေးရည်ချိတ်ရပြီး လိုအပ်လာရင်တော့ ကျောက်ကပ် သန့်စင်မှု (Dialysis) အထိ လုပ်ဆောင်ရပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပေးပါ

တန်သင့်မျှတတဲ့ အချိန်အဆနဲ့ အတိုင်းအတာမှတ်ကို သိဖို့က လူတွေလုပ်သမျှ အရာရာတိုင်းမှာ အဓိက အချက်လို ဖြစ်လာပါတယ်။ အားကစားကို စစချင်းလုပ်တဲ့သူတွေမှာ ကိုယ့်ကိုယ်ကိုယ် မသိသေးတာကြောင့် Rhabdo အဖြစ်များတယ်။ ကိုယ်က နဂို ကျန်းမာရေးကောင်းတယ်၊ သက်လုံကောင်းတယ် ဆိုပြီး လုပ်နိုင်တာထက် ပိုပြီးလုပ်တတ်တယ်။

“ဒီလောက်တောင် မလုပ်နိုင်ဘူးလား” ဆိုတဲ့ ပြင်ပ ပတ်ဝန်းကျင် စကားသံထက် တကယ်က ကိုယ့်ခန္ဓာကိုယ်က ဘာပြောလဲ နားထောင်ပါ။ သူ့အသံကို ကိုယ်က နားထောင်ပေးတတ်ရပါမယ်။ အခုမှ လေ့ကျင့်ခန်း စတင်လုပ်မယ်ဆိုရင်တော့ အပေါ့စား လေ့ကျင့်ခန်းတွေက စပြီး လုပ်ဆောင်တာက အသင့်တော်ဆုံး ဖြစ်နိုင်ပါတယ်။

ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလို အဓိက လိုအပ်တာက ရေရှည်မှာ ကိုယ့်ခန္ဓာကိုယ်ကို မပျက်စီးစေဖို့၊ မထိခိုက်စေဖို့၊ ဒဏ်မဖြစ်စေဖို့ပါပဲ။ လေ့ကျင့်ခန်းလုပ်တိုင်း မကြာမကြာ ခေတ္တခဏ နားပေးတာက အရေးပါပြီး ထိရောက်ပါတယ်။ ခဏနားချိန်တိုင်း ရေသောက်ဖို့လိုတယ်။

ကိုယ်ကာယ လေ့ကျင့်ခန်း Workout လုပ်နေရင်း ခန္ဓာကိုယ်မှာ တစ်ခုခုနာ ကျင်ခံစားရရင် ချက်ချင်း အကူအညီတောင်း မေးမြန်းပေးရမှာပါ။

Gym မှာ ကစားဖြစ်တယ်ဆိုရင်တော့ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ လူတိုင်းက ကိုယ့်ခံနိုင်ရည်နဲ့ကိုယ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို ကိုယ်တိုင်အရင်သိပြီး ဒါကို တစ်ရက်ပြီးတစ်ရက် ဖြည်းဖြည်းမှန်မှန်သာ တိုးတက်အောင် လုပ်သွားတာက ပုံစံအမှန်ပါပဲ။

လေ့ကျင့်ခန်း လုပ်တယ်ဆိုရင် ကိုယ်နိုင်သလောက်နဲ့ ပုံမှန် တစ်ဆင့်ချင်း တက်သွားဖို့လိုပြီး တန်ဆေးလွန်ဘေး မဖြစ်ဖို့က အဓိက ပိုကျလာကြောင်း ပြောလိုပါတယ်။

Ref: Curiosity.com “Yes, You Really Can Exercise Too Much”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top