အယ်လ်ကေးဒါးခေါင်းဆောင်ကို ရှင်းလင်းဖို့ အမေရိကန် အသုံးပြုခဲ့တဲ့ Hellfire ဒုံးကျည်

image1.png

အယ်လ်ကေးဒါးခေါင်းဆောင် အယ်ဇာဝါဟီရီက နံနက်ခင်း ဝတ်ပြုပြီးရင် ဝရန်တာ ထွက်ပြီး အညောင်းဆန့်တတ်တဲ့အကျင့်ရှိတယ်။ ဇူလိုင်လ ၃၁ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှာတော့ အယ်ဇာဝါရီတစ်ယောက် အာဖဂန်နစ္စတန် ကာဘူးလ်မြို့လယ်က နေအိမ်ဝရန်တာမှာ ထွက်နေတုန်း မောင်းသူမဲ့ယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းထိမှန်ခဲ့လို့ သေဆုံးခဲ့တယ်။

အမေရိကန် ထောက်လှမ်းရေးတွေက သူ့ကို သီတင်းပတ် အတော်ကြာ စောင့်ကြည့်နေခဲ့တာပါ။ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံစံတွေကို အသေးစိတ်မှတ်သားထားပြီး တိကျတဲ့လက်နက်နဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ အယ်လ်ဇာဝါဟီရီ သေဆုံးခဲ့ပေမဲ့ အိမ်ထဲမှာရှိနေတဲ့ သူ့ဇနီးနဲ့ သူ့သမီးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း မရှိပါဘူး။

အမေရိကန်စစ်တပ်က Hellfire ဒုံးကျည်ကို အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိပါတယ်။ ဝေဟင်ကနေ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ Hellfire ဒုံးကျည်ဟာ ရဟတ်ယာဉ်၊ ကား၊ သင်္ဘော၊ မောင်းသူမဲ့ယာဉ်တွေကနေ ပစ်လွှတ်လို့ ရပါတယ်။ ဒီဒုံးကျည်ကို ပစ်လွှတ်တဲ့အခါ (တခါတရံမှာ အမေရိကန်နိုင်ငံရဲ့ ထိန်းချုပ်ခန်းကနေ ကွပ်ကဲနေ) ထိန်းချုပ်စီမံသူက မောင်းသူမဲ့ယာဉ်မှာ တပ်ဆင်ထားတဲ့ ကင်မရာရဲ့ မြင်ကွင်းပုံရိပ်တွေကို ဂြိုဟ်တုကနေ ဖမ်းယူကြည့်ရှုနေတာပါ။

ကင်မရာ မျက်နှာပြင်ပေါ်မှာရှိတဲ့ ပစ်မှတ်ညွှန်ပြရေး နည်းလမ်းတွေကို သုံးပြီး ပစ်မှတ် သတ်မှတ်ပါတယ်။ ပြီးရင် ပစ်မှတ်ကို လေဆာနဲ့ချိန်လိုက်ပြီး ဒုံးကျည်ကို ပစ်လွှတ်လိုက်တဲ့အခါ ဒုံးကျည်က လေဆာလမ်းကြောင်းအတိုင်းသွားပြီး ပစ်မှတ်ကို မထိမချင်း လိုက်နေမှာပါ။ ၂၀၂၀ ပြည့်နှစ် အစောပိုင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အီရန်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံမှု၊ ၂၀၁၅ ခုနှစ်က ဗြိတိန်နိုင်ငံဖွား IS အဖွဲ့ဝင် ဂျီဟတ်ဂျွန်တို့ကို ရှင်းလင်းရာမှာလည်း အမေရိကန်က Hellfire ဒုံးကျည်ကို အသုံးပြုခဲ့ပုံ ပေါ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အယ်လ်ကေးဒါးခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အယ်လ်မာဆရီကို R9X Hellfire ဒုံးကျည်နဲ့ ရှင်းလင်းခဲ့တာပါ။ အယ်လ်မာဆရီက ကားထဲ လိုက်ပါနေချိန်မှာ ဒုံးကျည်က ကားခေါင်မိုးကနေ ဖောက်ဝင်ပြီး ပစ်မှတ်ကို ထိမှန်ခဲ့သွားခဲ့တာလို့ အဲဒီဖြစ်ရပ်အပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပေါက်ကွဲတာမျိုး၊ ကားရဲ့တခြားနေရာတွေ ထိခိုက်ပျက်စီးတာမျိုးတောင် မရှိခဲ့ပါဘူး။

ဒါပေမဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတိုင်းကလည်း အမြဲတစေ အစီအစဉ်တကျ မဖြစ်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၉ ရက်က IS အဖွဲ့ခွဲတစ်ခုကို ရှင်းလင်းဖို့ရည်ရွယ်ပြီး ကဘူးလ်လေဆိပ်မြောက်ဘက်က ကားတစ်စီးကို ဒုံးကျည်နဲ့ပစ်ခတ်ရာမှာ အပြစ်မဲ့ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ရပြီး ဒီဖြစ်ရပ်အတွက်လည်း ပင်တဂွန်စစ်ဌာနချုပ်က မှားယွင်းသွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Ref: ” Ayman al-Zawahiri: How US strike could kill al-Qaeda leader – but not his family”

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top