FGM ကို တိုက်ဖျက်ဖို့ ကြိုးစားရင်း ကမ္ဘာကျော်ဆု ဆွတ်ခူးခဲ့တဲ့ ပထမဆုံး ဆိုမာလီအမျိုးသမီး အစ္စမေးလ်

29.5.2023-yyl-1.jpg

ဒေါက်တာအက်ဒနာအဒန်အစ္စမေးလ်ဟာ အာဖရိကအမျိုးသမီးတွေထဲမှာ Templeton ဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ အမေရိကန်ဒေါ်လာ ၁.၄ သန်း ပေးအပ်ချီးမြှင့်တဲ့ ဒီဆုဟာ သိပ္ပံပညာရဲ့ စွမ်းအားကို သုံးကာ လူ့ဘောင်အကျိုး သယ်ပေးသူတွေကို ဘက်ကင်ဟမ်နန်းတော်ဆီ ခေါ်ယူပြီး ချီးမြှင့်ပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

အစ္စမေးလ်ဟာ (ထိုစဉ်က အမျိုးသမီးတွေ စာသင်ကြားခွင့်မရှိတဲ့) ဆိုမာလီလန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မွေးဖွားခဲ့သူပါ။ သူ့အဖေက သူတို့ဒေသရဲ့ နာမည်ကျော် ဆရာဝန်ကြီးပါ။ ခေတ်ရှေ့ပြေးတဲ့အမြင်ရှိသူမို့ ဆရာတစ်ယောက်ငှားပြီး သူ့သမီးကို သူ့အစ်ကိုတွေနဲ့အတူ စာသင်စေခဲ့တယ်။ နောက်တော့ သူ့အဒေါ် ဆရာမလုပ်နေတဲ့ ဒီဘူတီနိုင်ငံက ကျောင်းကိုသွားတက်ပြီး ပညာသင်တယ်။
၈ နှစ်သမီးအရွယ်မှာ သူဟာ တုန်လှုပ်ခြောက်ချားစရာ ဖြစ်ရပ်တစ်ခု ကြုံခဲ့တယ်။

ဒါဟာ FGM(Female genital mutilation) လို့ ခေါ်တဲ့ အမျိုးသမီးအင်္ဂါအစိတ်အပိုင်းကို လှီးဖြတ်မှုပါပဲ။ အလုပ်ကိစ္စနဲ့ သူ့အဖေ ခရီးဝေးသွားနေတဲ့ အစ္စမေးရဲ့အမေနဲ့ အဘွားက သူ့ကို ဒီလိုလုပ်စေခဲ့တာပါ။ ဒါဟာ အာဖရိကနိုင်ငံအများစု လုပ်လေ့လုပ်ထရှိတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ သူ့အဖေ ပြန်လာတော့ သူ့သမီးကို ဒီလိုလုပ်ခိုင်းရမလားဆိုပြီး ယမ်းပုံမီးကျ ဒေါသထွက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အစ္စမေးလ်ကလည်း ဆေးပညာ သင်ယူဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး ဗြိတိန်နိုင်ငံ ဘရော့ပိုလီတက္ကနစ်မှာ သူနာပြုအဖြစ် လေ့လာသင်ယူခဲ့ပါတယ်။ သူ ကြုံခဲ့သလိုအဖြစ်မျိုး တခြားအမျိုးသမီးတွေ မကြုံရအောင် တားဆီးမယ်လို့ သူ သန္နဋ္ဌာန်ချခဲ့ပါတယ်။ သူဟာ ဗြိတိန်နိုင်ငံမှာ ပညာသင်ကြားတဲ့ ပထမဆုံး ဆိုမာလီအမျိုးသမီး၊ ဆိုမာလီရဲ့ ပထမဆုံး အောင်လက်မှတ်ရ သူနာပြုဆရာမ၊ ဆိုမာလီမှာ ပထမဆုံး ကားမောင်းခွင့်ရတဲ့ အမျိုးသမီးအဖြစ်လည်း မှတ်တမ်းတင်ခံရသူပါ။ သူ့ခင်ပွန်းက ၁၉၆၇ ခုနှစ်မှာ ဆိုမာလီဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

၁၉၈၀ ပြည့်နှစ်မှာ အစ္စမေးလ်က ဆိုမာလီလန်းမြို့တော်မှာ ဆေးရုံ ဆောက်နေတုန်း ဆိုမာလီပြည်တွင်းစစ်ကြောင့် ပြည်ပကို သူ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ နောက်တော့ ဆိုမာလီလန်းကို ပြန်လာပြီး အပျက်အစီးပုံဘဝ ရောက်နေတဲ့ သားဖွားဆေးရုံကို ပြန်လည် တည်ဆောက်တယ်။ သူနာပြုတွေကို သူ ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးတယ်။ Edna Adan Maternity Hospital ဆေးရုံဟာ ဒေသခံ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်ခဲ့တယ်။

ဆိုမာလီလန်းမှာ အမျိုးသမီးတွေ ကြုံနေရတဲ့ FGM ဓလေ့ကို လူတွေ သတိထားမိလာအောင် အစ္စမေးလ်က အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တယ်။ သူဟာ ဆိုမာလီလန်းရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးအဖြစ်လည်း တင်မြှောက်ခံခဲ့ရသူပါ။ Templeton ဆုကနေ ရရှိလာတဲ့ ဆုကြေးငွေကို ဘယ်လို သုံးမလဲဆိုပြီး မေးတော့ အစ္စမေးလ်က အခုလို ဖြေပါတယ်။ ” ကျွန်မအသက် ၈၅ နှစ် ရှိနေပါပြီ။ ကားအကောင်းစားတွေ၊ စိန်တွေ၊ ဇိမ်ခံရွက်လှေတွေကို ကျွန်မ စိတ်မဝင်စားတော့ပါဘူး။ ဒီငွေတွေအားလုံးကို ပရဟိတလုပ်ငန်းအတွက်ပဲ သုံးသွားမှာပါ” လို့ သူက ဆိုပါတယ်။

Ref: Edna Adan Ismail

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top