ဖခင်လက်ထက်က ဆုံးရှုံးသွားတဲ့ မြေကို ရှေ့နေဖြစ်တဲ့အခါ ပြန်ရအောင် ယူပေးခဲ့တဲ့ သား

l1.jpg

ဂျော်ဒန် ကင်ညဲရာ ( Jordan Kinyera) ဆိုသူ ရှေ့နေက ဥပဒေဆိုင်ရာ အငြင်းပွားမှုကြောင့် ဆုံးရှုံးလိုက်ရတဲ့ ဘိုးဘွားပိုင် မြေကို ပြန်လည်ရယူခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဒန် (၆) နှစ်သား အရွယ်မှာ ဖခင်ဖြစ်သူ အမှု ရှုံးသွားတာကြောင့် ယူဂန်ဒါမှာရှိတဲ့ ဘိုးဘွားပိုင်မြေကို ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဂျော်ဒန်ရဲ့ အသက်က (၂၃) နှစ် ဖြစ်ပြီး ရှေ့နေတစ်ယောက် ဖြစ်နေပါပြီ။ ဖခင်ရဲ့ အမှုကို ပြန်လည်ဖော်ထုတ်ပြီး အမှုနိုင်အောင် ကြိုးစားချိန်မှာတော့ ရုံးချိန်းပေါင်းများစွာ ဖြတ်သန်းပြီး တရားရေးဆိုင်ရာ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ အဆုံးသတ် ရလဒ်ကတော့ ဂျော်ဒန်ရဲ့ ဖခင် အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော့် ဘဝရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုက နောက်ဆုံးမှာ အရာထင်ခဲ့သလို ကျွန်တော့်အဖေလည်း သူ့မြေကို ပြန်ရခဲ့ပါပြီ။ ဒါပေမဲ့ အဖ့ အသက်က (၈၂) နှစ် ရှိပြီဆိုတော့ သူစိုက်ပျိုးချင်တဲ့ သီးပင်စားပင် မှန်သမျှကို မစိုက်ပျိုးနိုင်တာကိုတော့ စိတ်မကောင်းဘူး” လို့ ဂျော်ဒန်က ဆိုပါတယ်။

 

ဂျော်ဒန် ကလေးဘဝအရွယ်တုန်းက သူတို့မြေကို အဓမ္မ လိုချင်နေကြတဲ့ လူတစ်စု ရှိတဲ့အကြောင်း သူ့အဖေ ခဏခဏ ညည်းတာကို ကြားဖူးပါတယ်။ မြေဂရန် ကို ကိုင်ဆောင်ထားပေမဲ့ ဘေးပတ်ဝန်းကျင် ပြဿနာတွေကြားမှာ အဆင်မပြေခဲ့ပါဘူး။ ဒီမြေက ဂျော်ဒန်ရဲ့ အဖေ ကလေးဘဝကနေ အရွယ်ရောက်တဲ့ထိ ကြီးပြင်းနေထိုင်ခဲ့တဲ့ နေရာ ဖြစ်သလို ဆွေမျိုးတွေ ခေါင်းချခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

၁၉၉၆ မှာတော့ အိမ်နီးချင်းတွေနဲ့ မြေပိုင်ဆိုင်မှု အငြင်းပွားရပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။ ဆယ်စုနှစ် တစ်ခုကြာအောင် အမှုရင်ဆိုင်ရတာက ပြီးဆုံး မသွားဘဲ ရသမျှငွေက တရားရုံးစရိတ် ဖြစ်သွားခဲ့ပါတယ်။ ကာလကြာရှည် တရားရင်ဆိုင်လာရတဲ့အခါ ဂျော်ဒန့် ဖခင်က စိတ်ထောင်း ကိုယ်ကြေ ဖြစ်ခဲ့ပါတယ်။

ဒီအကြောင်းတွေကို မျက်မြင်ကိုယ်တွေ့ ဖြစ်တဲ့ ဂျော်ဒန်က အိမ်ခြံမြေဆိုင်ရာ ဥပဒေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ ဒါကြောင့် တရားခွင်မှာ ဂျော်ဒန် အနိုင်ရခဲ့ပြီး ဖခင်ဖြစ်သူကို ပျော်ရွှင်မှု ပေးနိုင်ခဲ့တာပါ။

ဂျော်ဒန်ရဲ့ ဖခင်ကြီးကတော့ လက်ရှိအချိန်မှာ အယ်လ်ဇိုင်းမား ရောဂါကို ခံစားနေရပြီး သတိခဏခဏ မေ့တတ်တာကြောင့် ဘိုးဘွားပိုင်မြေကို ပြန်ရပြီဖြစ်ကြောင်း ခဏခဏ တော့ သတိပေးနေရမှာ ဖြစ်ပါတယ်။

Reference: CNN “His father lost their land when he was a kid. So he became a lawyer to win it back”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top